CNI Sport News

၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီ ၂

ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ပြုမယ်ဆိုရင် လတ်ဗီးယားဟာ ယူကရိန်းနဲ့အတူ ၂၀၂၄ ပဲရစ်အိုလံပစ်ပြိုင်ပွဲကို သပိတ်မှောက် လာနိုင်တယ်လို့ သိရပါတယ်။

ယူကရိန်းအားကစားဝန်ကြီးက ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ အနေနဲ့ စစ်ပွဲ ဆက်လက် ဖြစ်ပွား နေချိန်မှာ နိုင်ငံတကာပြိုင်ပွဲတွေ မပါဝင်သင့်ဘူးလို့ ပြောထားပါတယ်။

လတ်ဗီးယား နိုင်ငံခြားရေးဝန်ကြီးကလည်း ဒါကို သဘောတူခဲ့ပြီး ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံက အားကစားသမား တွေ ပါဝင်လာမှာကို လက်မခံနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ယူကရိန်းတင်းနစ်မယ် ဆဗီတိုလီနာက ရုရှားနဲ့ ဘယ်လာရုစ်က အားကစားသမားတွေကို ယှဉ်ပြိုင်ခွင့် ပိတ်ပင် ထားဖို့ တောင်းဆိုမှုကို ထောက်ခံခဲ့ပါတယ်။

လတ်ဗီးယားဟာ ရုရှားနဲ့ နယ်နိမိတ်ချင်း ထိစပ်နေပေမယ့် ယူကရိန်းကိုသာ ထောက်ခံအားပေးမှု ပြုလုပ်ထား တာပါ။

ပဲရစ်အိုလံပစ် အထိမ်းအမှတ်ကိုတွေ့ရစဉ်

နိုင်ငံတကာ အိုလံပစ်ကော်မတီဟာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ၂၀၂၄ ပဲရစ်အိုလံပစ် ပြိုင်ပွဲမှာ ကြားနေအဖြစ် ပါဝင်နိုင်ဖို့အတွက် လမ်းကြောင်းတစ်ခုကို ရှာဖွေသွားမယ်လို့ ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပြောခဲ့ ပါတယ်။

ဗြိတိန်အစိုးရက နိုင်ငံတကာ အိုလံပစ်ကော်မတီရဲ့ အထက်ပါ အစီအစဉ်ကို ရှုတ်ချခဲ့ပါတယ်။

လတ်ဗီးယား အမျိုးသားအိုလံပစ်ကော်မတီက “အဆိုပါ နှစ်နိုင်ငံက အားကစားသမားတွေ ရှိတာက စစ်ပွဲတွေ ပိုမိုပြင်းထန်လာစေဖို့ အားပေးမှု၊ စစ်ရာဇဝတ်မှုတွေ ပုံမှန်ဖြစ်စေဖို့နဲ့ ရမ်းစက်ကြမ်းကြုတ်မှုတွေ ဖြစ်စေပါတယ်။ ယူကရိန်းမှာ စစ်ပွဲတွေ ဆက်ပြီး ဖြစ်ပွားနေတဲ့ အချိန်အထိ အိုလံပစ်အားကစားပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေ ပါဝင်တာကို လက်ခံနိုင်စရာမရှိဘူး”လို့ ပြောခဲ့တာပါ။

အက်စ်တိုးနီးယား၊ လစ်သူယေးနီးယားနဲ့ လတ်ဗီးယားနိုင်ငံရှိ အားကစားဝန်ကြီးတွေဟာ ကြာသပတေးနေ့မှာ တွေ့ဆုံဆွေးနွေးပြီး ရုရှားနဲ့ ဘယ်လာရုစ် အားကစားသမားတွေကို နိုင်ငံတကာပြိုင်ပွဲတွေကနေ ပိတ်ပင်ဖို့ IOC ထံ ပူးတွဲ အယူခံဝင်ဖို့ ရှိနေတာ ဖြစ်ပါတယ်။

ယူကရိန်းသမ္မတ ဇာလန်းစကီးက ပဲရစ်အိုလံပစ်ပြိုင်ပွဲမှာ ရုရှားအားကစားသမားတွေအတွက် နေရာမရှိသင့်ဘူးလို့ ပြောထားတာပါ။

နိုင်ငံတကာအိုလံပစ် ကော်မတီ အကြီးအကဲ သောမတ်စ်ဘတ်ချ်က သူတို့အစိုးရတွေရဲ့ လုပ်ရပ်အတွက် အား ကစားသမားတွေကို အပြစ်ပေးလိုခြင်း မရှိဘူးလို့ ပြောကြားထားပါတယ်။

ရုရှားကလည်း နိုင်ငံတကာ အားကစားပြိုင်ပွဲတွေမှာ သူတို့ကို ဖယ်ထုတ်ဖို့အတွက် လှုံ့ဆော်တာတွေက အောင်မြင်မှာ မဟုတ်ဘူးလို့ ပြောထားတာ ဖြစ်ပါတယ်။

Source: BBC