CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၂၆

ယူနိုက်တက်အသင်းဟာ ကာရာဘောင်းဖလားဆီမီးဖိုင်နယ် ပထမအကျော့ပွဲစဉ်မှာ နော်တင်ဟမ် ဖောရက်စ် အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့ပေမယ့် အသင်းအနေနဲ့ ဆက်ပြီးတိုးတက်အောင် လုပ်ဆောင်ရမယ်လို့ နည်းပြ အဲရစ်တန်ဟတ်က ပြောခဲ့ပါတယ်။

အဲရစ်တန်ဟတ်က “စွမ်းဆောင်ရည်နဲ့ ပတ်သက်ပြီး ပျော်ရွှင်သလို မိနစ် ၉၀ စလုံးထိန်းချုပ်နိုင်ခဲ့ပါတယ်။ ပွဲကို အပြောင်းအလဲပေးနိုင်တဲ့ အခိုက်အတန့်တစ်ခုရှိခဲ့ပြီး ကျနော်တို့ တိုးတက်ဖို့လိုပါတယ်။ဒါပေမယ့် အားလုံးကို ခြုံပြီးပြောရရင် ထိန်းချုပ်နိုင်ခဲ့ပါတယ်။ထိပ်တန်းအသင်းဖြစ်ချင်တယ်ဆိုရင်တော့ အသင်းတစ်သင်းအနေနဲ့ သင်ယူ ပြီး တိုးတက်အောင်လုပ်ရမယ့် အချိန်တွေရှိပါတယ်။ဒီလိုအရာတွေက အခုထိ မဖြစ်လာသေးပါဘူး”လို့ ပြောခဲ့တာ ပါ။

ယူနိုက်တက်အသင်းဟာ နော်တင်ဟမ်ဖောရက်စ်အသင်းကို အဝေးကွင်းမှာ ဂိုးပြတ်အနိုင်ရခဲ့တာကြောင့် ဒုတိယ အကျော့ကစားဖို့ ကျန်ရှိသေးပေမယ့် ဗိုလ်လုပွဲတက်ဖို့ အခြေအနေကောင်းသွားခဲ့တာဖြစ်ပါတယ်။ဒီပွဲမှာ ယူနိုက်တက်အတွက် ဂိုးတွေကို ရက်ရှ်ဖိုဒ့်၊ ဝက်ဂ်ဟော့စ်နဲ့ ဘရူနိုဖာနန်ဒက်စ်တို့က သွင်းယူခဲ့တာဖြစ်ပြီး ဝက်ဂ်ဟော့စ်ကတော့ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကို ရယူနိုင်ခဲ့တာပါ။

 

ဘန်လေကနေ အငှားနဲ့ရောက်ရှိလာတဲ့ ဝက်ဂ်ဟော့စ်ဟာ ယူနိုက်တက်အတွက် ၃ ပွဲကစားအပြီးမှာ ပထမဆုံး သွင်းဂိုးကို ရရှိခဲ့တာ ဖြစ်ပါတယ်။ အဲရစ်တန်ဟတ်ကတော့ ဝက်ဂ်ဟော့စ်အတွက် ဒီဂိုးဟာ အရေးကြီးတယ်လို့ ပြောခဲ့တာပါ။

အဲရစ်တန်ဟတ်က “သူ့အတွက်နဲ့ သူ့ရဲ့ယုံကြည်မှုအတွက် ဒီဂိုးဟာ အရေးကြီးပါတယ်။သူဟာ ပဲလေ့စ်နဲ့ အာဆင်နယ်ပွဲမှာလည်း ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ပါတယ်။ဒါပေမယ့် တိုက်စစ်မှူးတွေအတွက် ဂိုးတွေ သွင်းယူနိုင်ဖို့ လိုအပ်ပါတယ်။ဒီလိုမှ မဟုတ်ရင် သူတို့ပျော်ရွှင်နိုင်မှာမဟုတ်ပါဘူး” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဒီတစ်ပတ်မှာတော့ အက်ဖ်အေဖလား စတုတ္တအဆင့်ပွဲစဉ်အဖြစ် ရီးဒင်းအသင်းနဲ့ အိုး ထရက်ဖိုဒ့်မှာ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:Goal