CNI Sport News

၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ၂၆

ဆားဘီးယား တင်းနစ်ကစားသမား ဂျိုကိုဗစ်ရဲ့ဖခင် ဆာဂျန်ဟာ ကျင်းပနေတဲ့ သြစတြေးလျ အိုးပန်းပြိုင်ပွဲမှာ ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ထောက်ခံတဲ့သူတွေနဲ့ ဓါတ်ပုံတွဲရိုက်ခဲ့ပါတယ်။

ဆာဂျန် ဂျိုကိုဗစ်ဟာ ရုရှားသမ္မတ ပူတင်ရဲ့ မျက်နှာပါ ရုရှားအလံကို ကိုင်ဆောင်ထားပြီး စစ်ပွဲလိုလားတဲ့ Z သင်္ကေတပါ တီရှပ်ကို ဝတ်ဆင်ထားတဲ့သူနဲ့ ဓါတ်ပုံတွဲရိုက်ခဲ့တာပါ။

သြစတြေးလျ အိုးပန်းပြိုင်ပွဲရဲ့ အဖွင့်ပွဲစဉ်အဖြစ် ယူကရိန်း တင်းနစ်သမား ဘိုင်ဒဲလ်နဲ့ ရုရှားတင်းနစ်သမား ခါမေလ်လာတို့ ယှဉ်ပြိုင် ကစားနေချိန်အတွင်း ရုရှားအလံ ကိုင်ဆောင်ထားတာကို မြင်တွေ့ခဲ့ရပြီးနောက် ရုရှား၊ ဘယ်လာရုစ် အလံတွေနဲ့ သင်္ကေတတွေကို ပြိုင်ပွဲကျင်းပရေးက ပိတ်ပင်ခဲ့တာ ဖြစ်ပါတယ်။

ဂျိုကိုဗစ်က ရူဘလက်ဗ်ကို အနိုင်ရခဲ့တဲ့ သြစတြေးလျအိုးပန်း ကွာတားဖိုင်နယ် ပွဲစဉ်အပြီးမှာ ရုရုားသမ္မတ ပူတင် ကို ထောက်ခံကြောင်းတွေ ပြသခဲ့ကြတာပါ။

ပူတင်ကို ထောက်ခံကြောင်း ပြသနေကြစဉ်

Rod Laver Arena အပြင်ဘက်မှာ ဆာ့ဘ်အရောင်တွေ ဝတ်ဆင်ထားတဲ့ ပရိတ်သတ် တစ်စုဟာ ပူတင် ပုံပါဝင်တဲ့ ရုရှားအလံကို ပြသခဲ့တာ ဖြစ်ပါတယ်။ ရုရှားနိုင်ငံကို အားပေးထောက်ခံတယ်လို့ အော်ဟစ်ခဲ့ကြသလို အချို့က ဆားဘီးယားအလံကို ပခုံးမှာ ပတ်ထားတာပါ။

သြစတြေးလျတင်းနစ်အဖွဲ့က “လူတစ်စုဟာ မသင့်လျော်တဲ့ အလံတွေနဲ့ သင်္ကေတတွေကို ပြသခဲ့ပြီး လုံခြုံရေး အစောင့်အရှောက်တွေကို ခြိမ်းခြောက်ခဲ့ပါတယ်။ ကစားသမားတွေနဲ့ သူတို့ရဲ့ အဖွဲ့တွေကို အလံတွေ၊ သင်္ကေတ တွေနဲ့ ပတ်သက်တဲ့ မူဝါဒတွေကို အကျဉ်းချုံး သတိပေးထားပြီး အနှောင့်အယှက် ဖြစ်စေမယ့် ဘယ်လို အခြေအနေမျိုးကိုမဆို ရှောင်ရှားဖို့ပါ”လို့ ထုတ်ပြန်ထားပါတယ်။

သြစတြေးလျအိုးပန်း ပြိုင်ပွဲမှာ ရုရှားနဲ့ ဘယ်လာရုစ် ကစားသမားတွေ ပါဝင်ယှဉ်ပြိုင် နေပေမယ့် ကြားနေ အလံ အောက်ကနေသာ ကစားနေရတာပါ။ ဂျိုကိုဗစ်ရဲ့ ဖခင်အဖြစ်အပျက်နဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ ကစားသမား ရဲ့ ကိုယ်စားလှယ်တွေကို ချဉ်းကပ်ထားတယ်လို့ ဘီဘီစီ အားကစားသတင်းမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။

Source: BBC