CNI International News

တဲလ်အဗစ်၊ ဖေဖော်ဝါရီ ၂၄

ဂါဇာရှိ ပါလက်စတိုင်း စစ်သွေးကြွးများက အစ္စရေးတောင်ပိုင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး အစ္စရေး ဘက်ကလည်း ကမ်းရိုးတန်းဒေသရှိ ပစ်မှတ်များကို ကြာသပတေးနေ့ အစောပိုင်းတွင် လေကြောင်းမှ ပစ်ခတ် တိုက်ခိုက်ခဲ့သည်ဟု အေပီသတင်းတွင် ဖော်ပြထားသည်။

အစ္စရေးတို့၏ စီးနင်းမှု တစ်ခုကြောင့်ဖြစ်သော အပြန်အလှန် ပစ်ခတ်မှု တစ်ခုအတွင်း ပါလက်စတိုင်း ၁၀ ဦး သေဆုံး ခဲ့ရပြီးနောက် ထိုသို့ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယခုကဲ့သို့ သွေးထွက်သံယိုမှုများက နှစ်များစွာအတွင်း အနောက်ဘက် ကမ်းခြေဒေသတွင် အဆိုးရွားဆုံး အခြေအနေများမှ တစ်ခု ဖြစ်စေခဲ့သည်။

ယခုနှစ်စမှ စ၍ အနောက်ဘက် ကမ်းခြေတွင် အစ္စရေးတို့၏ တိုက်ခိုက်မှုများကြောင့် ပါလက်စတိုင်း ၁၀ ဦး သေဆုံးခဲ့ကာ ပါလက်စတိုင်းတို့၏ တိုက်ခိုက်မှုများကြောင့် ၂၀၂၃ ခုနှစ် သေဆုံးသူ အစ္စရေး အရေအတွက်သည် လည်း ၁၁ ဦးအထိ ရှိလာခဲ့ပြီ ဖြစ်သည်။

ပါလက်စတိုင်းများကိုတွေ့ရစဉ်(AP)

ကြာသပတေးနေ့ အစောပိုင်းတွင် အစ္စရေးတောင်ပိုင်းသို့ ဂါဇာကမ်းရိုးတန်းမှ ဒုံးကျည်ခြောက်လုံးနှင့် လေယာဉ် ပစ် ဒုံးကျည်နှစ်လုံး ပစ်ခဲသည်ဟု အစ္စရေးစစ်တပ်က ပြောသည်။

ဒုံးကျည် ငါးလုံးကို အစ္စရေးလေကြောင်း ကာကွယ်ရေးမှ ကြားဖြတ် ပစ်ချနိုင်ခဲ့သော်လည်း တစ်လုံးသည် အစ္စရေး ဘက်သို့ ကျရောက်ခဲ့ကြေင်း၊ ဒုံးကျည်များသည် ၎င်းတို့၏ ပစ်မှတ်များကို ထိမှန်ခြင်း မရှိကြောင်း အစ္စရေးစစ်တပ်က ပြောသည်။

လက်ရှိ အချိန်အထိ ဒုံးကျည်ပစ်ခတ်မှုများကို မည်သည့် ပါလက်စတိုင်း စစ်သွေးကြွအဖွဲ့မှ တာဝန်ယူ ပြောဆိုခြင်း မရှိသေးပေ။

ထို့နောက် အစ္စရေးလေယာဉ်သည် ဂါဇာမြောက်ပိုင်းနှင့် အလယ်ပိုင်းရှိ ပစ်မှတ်များကို ပစ်ခတ်တိုက်ခိုက်မှု လုပ်ဆောင်ခဲ့ပြီး ယင်းတို့တွင် လက်နက် ထုတ်လုပ်ရေး နေရာတစ်ခု၊ ဒေသကို အုပ်ချုပ်နေသည့် ဟားမတ်ဇ် စစ်သွေးကြွအဖွဲ့၏ ခြံဝန်းတစ်ခုတို့ ပါဝင်သည်။

ယခုတိုက်ခိုက်မှုများနှင့် ပတ်သက်၍ ထိခိုက်ဒဏ်ရာ ရရှိမှု အခြေအနေကို အစ္စရေး၊ ပါလက်စတိုင်း နှစ်ဖက်စလုံးမှ ထုတ်ပြန်ခြင်း မရှိသေးပေ။

အစ္စရေးရဲ့ လေကြောင်းတိုက်ခိုက်မှုကိုခံလိုက်ရတဲ့ ဂါဇာဒေသ (AP)

ယခုကဲ့သို့ အကြမ်းဖက် တိုက်ခိုက်မှုများသည် အစ္စရေး၏ လက်ယာစွန်း အစိုးရသစ် တက်လာပြီး ပထမ သီတင်း ပတ်များတွင် ပေါ်ပေါက်လာခြင်း ဖြစ်သည်။ အစိုးရသစ်သည် ပါလက်စတိုင်းများနှင့် ပတ်သက်၍ တင်းကြပ်စွာ ကိုင်တွယ် ဆောင်ရွက်သွားမည်ဟု ကတိပြုထားသည်။

အစ္စရေး လုံခြုံရေးတပ်ဖွဲ့များသည်လည်း အနောက်ဘက်ကမ်းခြေရှိ အလိုရှိသော စစ်သွေးကြွများကို ပစ်မှတ်ထား စီးနင်းမှုများ လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် နွေဦး ပါလက်စတိုင်းတို့၏ တိုက်ခိုက်မှုများ အရှိန်မြင့် လာချိန်တွင် စတင်ခဲ့သော စီးနင်းမှုများသည် စစ်သွေးကြွ ကွန်ယက်များကို ဖျက်ဆီးရန်၊ နောက်ထပ် တိုက်ခိုက်မှုများ မလုပ်ဆောင်နိုင်ရန် ရည်ရွယ်သည်ဟု အစ္စရေးဘက်က ပြောသည်။

သို့သော် ထိုသို့သော စစ်ဆင်ရေးများသည် အကြမ်းဖက်မှုများ လျော့ကျစေရေးအတွက် လုပ်ဆောင်နိုင်မှု အနည်းသာ ရှိသည်။

Source: AP