CNI News
၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈
ကရင်အမျိုးသားအစည်းအရုံး(KNU)ကို အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် လက်အောက်ရှိ အကြမ်းဖက်မှုတိုက်ဖျက်ရေးဗဟိုအဖွဲ့က ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ရက်တွင် ထုတ်ပြန် ကြေညာခဲ့သည်။
ထို့ပြင် ပြည်ထဲရေးဝန်ကြီးဌာနကလည်း ကရင်အမျိုးသားအစည်းအရုံး(KNU)ကို မတရားအသင်းအဖြစ် ၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ရက်တွင် ကြေညာခဲ့သည်။
KNU အဖွဲ့သည် အများပြည်သူ အသုံးပြုလျက်ရှိသည့် လမ်း၊ တံတားများကို မိုင်းထောင်ဖောက်ခွဲဖျက်ဆီးခြင်း၊ လူနေ ထူထပ်သည့် မြို့ရွာများကို အဝေးမှနေ၍ လက်နက်ကြီးများဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်း၊ Drop Bomb များချ၍ တိုက်ခိုက်ခြင်း၊ အပြစ်မဲ့ ပြည်သူများကို သတ်ဖြတ်ခြင်း၊ အတင်းအဓမ္မ လူသစ်စုဆောင်ခြင်း၊ နိုင်ငံပိုင် အဆောက် အအုံ၊ ယာဉ်၊ စက်ပစ္စည်းကိရိယာနှင့် အသုံးအဆောင်ပစ္စည်းများကို ဖျက်ဆီးခြင်း စသည့် အကြမ်းဖက် လုပ်ရပ် များကို နိုင်ငံတော်အတွင်း အခြေပြု၍ အကြမ်းဖက် ကျူးလွန်လျက်ရှိသည်ဟု အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် KNU အဖွဲ့ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေညာလိုက်သည်ဟု အကြမ်းဖက်တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့သည်။
အလားတူ ပြည်ထဲရေးဝန်ကြီးဌာနကလည်း နိုင်ငံတော်ယာယီသမ္မတသည် KNU နှင့်အဖွဲ့ဝင်များ၊ ယင်းအဖွဲ့က ဖွဲ့စည်းထားသော အဖွဲ့အစည်းများ၊ အဖွဲ့အစည်းများနှင့် ဆက်နွယ်သည့် ပုဂ္ဂိုလ်များ၏ ရည်ရွယ်ချက်နှင့် လုပ်ရပ် များမှာ နိုင်ငံတော် တရားဥပဒေစိုးမိုးရေးကိုလည်းကောင်း၊ နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကိုလည်းကောင်း၊ အများပြည်သူတို့၏ အေးချမ်းသာယာရေးကိုလည်းကောင်း အနှောင့်အယှက် အန္တရာယ်ဖြစ်စေသည်ဟု ယုံကြည် ယူဆသည်ဟု ထုတ်ပြန်ခဲ့သည်။
ထို့ကြောင့် KNU အဖွဲ့ကို မတရားအသင်းအဖြစ် ကြေညာလိုက်သည်ဟု ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ သည်။
KNU သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA)ထိုးထားသည့် ကရင်လက်နက် ကိုင်အဖွဲ့ဖြစ်သည်။
သို့သော် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နောက်ပိုင်း ပြောင်းလဲသွားသည့် မြန်မာ့နိုင်ငံရေး အခင်းအကျင်းတွင် NCA ကနေ နုတ်ထွက်သွားပြီး မြန်မာ့တပ်မတော်ကို တိုက်ခိုက်ကာ ကရင်ပြည်နယ်အတွင်းရှိ မြို့များနှင့် ကုန်သွယ်ရေး လမ်းကြောင်းများ သိမ်းပိုက်နိုင်ရေး ကြိုးပမ်းလျက်ရှိသည်။