CNI News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၄

ကရင်အမျိုးသားအစည်းအရုံး(KNU)ကို အကြမ်းဖက်အဖွဲ့နှင့် မတရားအသင်းအဖြစ် ကြေညာပြီး ကချင်လွတ်လပ် ရေးတပ်မတော်(KIA/KIO) ကို အကြမ်းဖက် အဖွဲ့အဖြစ် မကြေညာခြင်းက ဘာကြောင့် ဖြစ်နိုင်လဲဆိုသည့်အပေါ် စစ်ရေးနှင့်နိုင်ငံ‌ရေးအကဲခတ်များကြား သုံးသပ်မှုများ ရှိနေကြသည်။

၂၀၂၅ ခုနှစ်၊ ဩဂုတ် ၂၈ ရက်က KNU ကို အကြမ်းဖက်အဖွဲ့အဖြစ် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေး ကော်မရှင် လက်အောက်ရှိ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့က ကြေညာခဲ့သလို ပြည်ထဲရေးဝန်ကြီးဌာန ကလည်း မတရားအသင်းအဖြစ် ကြေညာခဲ့ခြင်းဖြစ်သည်။

KIA သည် NCA လက်မှတ်ထိုးထားသည့် လက်နက်ကိုင်အဖွဲ့ထဲ မပါဝင်သကဲ့သို့ ကော်မရှင်နှင့် ဆက်သွယ်ရေး လမ်းကြောင်းလည်း ရှိနေသည့် အတွက်ကြောင့် အကြမ်းဖက် မကြေညာခြင်းဖြစ်နိုင်ကြောင်း ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO-NCA/S) မှ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာက CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “KIA ကြတော့ တစ်က NCA ထိုးတဲ့ အထဲမပါဘူး။ ရေးတဲ့အထဲတော့ပါတယ် ထိုးတဲ့အထဲတော့ မပါဘူး။ နံပါတ် နှစ်က KIA က ဆက်သွယ်ရေးလမ်းကြောင်းပေါ့ ဖောက်ထားတယ်။ ဆက်သွယ်ရေးလမ်းကြောင်း ရှိနေ တယ်။ အရင်တုန်းကတော့ စစ်ကောင်စီပေါ့ အခုကတော့ စစ်ကော်မရှင်ပေါ့။ အဲဒီအဖွဲ့နဲ့ ဆက်သွယ်ရေး လမ်း ကြောင်းက ဖွင့်ထားတယ်။ တစ်ဖက်က စစ်လည်းတိုက်တယ်၊ တစ်ဖက်ကလည်း ဆက်သွယ်ရေးလမ်းကြောင်းက ဖွင့်ထားတဲ့ အခါကြတော့ ဆက်သွယ်ရေးလမ်းကြောင်း မပိတ်သွားအောင်ဆိုပြီးတော့ မကြေညာတာလည်း ဖြစ်နိုင် ပါတယ်” ဟု ပြောသည်။

KNU ခေါင်း‌ဆောင်တချို့နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကို တွေ့ရစဉ် 

KIA ဘက်မှ မြန်မာ့တပ်မတော်ထံ ငြိမ်းချမ်းရေး ဆွေးနွေးမှုကို ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့မှာ တွေ့ဆုံမည် ဆိုလျှင် လက်ခံ ဆွေးနွေးမည်ဟု အကြောင်းပြန်ခဲ့သော်လည်း မြန်မာ့တပ်မတော်ဘက်မှ အကြောင်းပြန်ခြင်း မရှိသေးကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA/KIO) မှ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်က ဘီဘီစီ သတင်းဌာန တွင် ပြောကြားထားသည်။

လက်ရှိတွင် မြန်မာ့တပ်မတော်သည် KNU နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော်လည်း KIA နှင့် တိုက်ပွဲဖြစ်ပွားမှုမှာ ပိုမို များပြားကာ ပြင်းထန်လျက်ရှိသည်။

ထို့ပြင် မြန်မာ့တပ်မတော်ဘက်မှ KIA ထံ လက်လွတ်ဆုံးရှုံး လိုက်ရသည့် နယ်မြေ အများအပြားလည်း ရှိနေခြင်း ဖြစ်သောကြောင့် KIA ကို အကြမ်းဖက်အဖွဲ့ ကြေညာခြင်းအစား KNU ကို အကြမ်းဖက်အဖွဲ့အဖြစ် ကြေညာမှုသည် စစ်ရေးနှင့်နိုင်ငံ‌ရေးအကဲခတ်များကြား မေးခွန်းထုတ်စရာ ဖြစ်နေသည်။

ရွေးကောက်ပွဲနှင့်ပတ်သက်၍ KNU သည် သ‌ဘောထား တင်းမာမှုများ ထုတ်ဖော်ပြသခဲ့ပြီး KIA ကမူ ၎င်းတို့ ထိန်းချုပ်နယ်မြေတွင် မဲပုံးထားရန် ခွင့်ပြုမည် မဟုတ်ကြောင်းသာ မှတ်ချက်ပြု ပြောဆိုထား ခြင်းဖြစ်သည်။

KIA ခေါင်းဆောင် တစ်ဦးဖြစ်တဲ့ ဒုဗိုလ်ချုပ်ကြီး ဂွမ်မော်ကို တွေ့ရစဉ်

KIA အနေဖြင့် ကော်မရှင်က ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲကို ဖျက်ကြောင်း၊ ဆန့်ကျင်ကြောင်း မှတ်ချက်ပြု ပြောဆိုထားခြင်း မရှိသည့်အတွက် အကြမ်းဖက်အဖွဲ့အဖြစ် မကြေညာခြင်း ဖြစ်နိုင်ကြောင်း၊ KIA သည် စစ်ရေးနှင့် နိုင်ငံရေးကို တွဲပြီးကစားတတ်ကြောင်း တိုင်းလိုင်(ရှမ်းနီ) အမျိုးသားများ ဖွံ့ဖြိုးတိုးတက်ရေးပါတီ (TNDP)မှဥက္ကဋ္ဌ စိုင်းဋ္ဌေးအောင်က CNI သတင်းဌာနသို့ ပြောသည်။

၎င်းက “ဘာကြောင့်မို့လဲဆိုတဲ့ အခါကြတော့ KIA ကလည်း ဗိုလ်မှူးကြီးနော်ဘူက သူ့ရဲ့ထိန်းချုပ်နယ်မြေမှာ ရွေးကောက်ပွဲ မကျင်းပရဘူးဆိုတာတော့ ပြောတယ်။ ဒါပေမယ့်လည်း KNU ကြတော့ ဒီထက်ပိုပြီးတော့မှ ပြင်းထန်တာပေါ့ သူပြောတဲ့ ကိစ္စတွေကတော့။ ရွေးကောက်ပွဲက မတရားဘူးတို့ ဘာတို့ KNU အဲဒီလို စွပ်စွပ်စွဲစွဲ ပြောလာတဲ့အခါကြတော့ ပိုဆိုးတာပေါ့။ KIA ပြောတာထက်ကို KNU ပြောတာက ပိုပြင်းထန်တယ်လို့မြင်တာ ပေါ့။ အဲဒါကြောင့်မို့ အဲဒါလည်း တစ်စိတ်တစ်ပိုင်း ပါကောင်းပါနိုင်ပါတယ်။ KIA ကြတော့ သူက ကျနော်သိရ  သလောက်ဆိုရင် KIA က နိုင်ငံရေး၊ စစ်ရေးကို တွဲပြီးကစားတတ်တယ်။ central government ရဲ့အခြေအနေကို သူက တော်တော်လေး အကင်းပါး အကဲခတ်တတ်တယ်။ central government အားနည်းပြီဆိုရင်တော့ သူအနေနဲ့ အင်အားသုံးပြီးမှ လုပ်ပါလိမ့်မယ်။ သူ့ဘက်က အားနည်းပြီဆိုရင်တော့ ငြိမ်းချမ်းရေးစကား ပြောပါလိမ့် မယ် KIA နဲ့ပတ်သက်ရင်တော့။ ဒါ သူ ခေတ်အဆက်ဆက် လုပ်ခဲ့တာပါ။ ဗဟို central government က လိုက် လျောပေးလိုက်ပြီဆိုရင် သူက အားကြီးအောင်ပြန်မွေး။ အဲဒါနဲ့ပဲ သူ့အင်အားကြီးအောင် ဆောင်ရွက်ခဲ့တာဖြစ်တဲ့ အတွက်ကြောင့် KIA ဟာ နိုင်ငံရေး၊ စစ်ရေးမှာတော့ ‌ကောက်ကျစ်တယ်ပဲပြောပြော၊ လိမ္မာပါးနပ်တယ်ပဲ ဆိုဆို အဲဒီလိုပုံစံနဲ့ တောက်လျှောက် လုပ်လာတယ်လို့ မြင်တာပေါ့”ဟု ပြောသည်။

မြစ်ကြီးနား၊ တနိုင်း၊ ချီဖွေ၊ ဗန်းမော်၊ ပူတာအို၊ မိုးညှင်း စသည့် ခရိုင် ၆ ခုအတွင်းရှိ မြို့နယ်ပေါင်း ၁၈ ခုကို မဲဆန္ဒနယ်အဖြစ် ကော်မရှင်က သတ်မှတ်ထားပြီး ထိုထဲတွင် ချီဖွေ၊ ဆော့လော်၊ ဆွမ်ပရာဘွမ်၊ မံစီ၊ မိုးမောက်နှင့် အင်ဂျန်းယန်မြို့တို့တွင် KIA က သိမ်းပိုက်ထိန်းချုပ်ထားသည်။