CNI International News

ဝါရှင်တန်၊ ဇူလိုင် ၂၆

အမေရိကန်၏ အလက်စကာ (Alaska) ပြည်နယ်အနီးရှိ နိုင်ငံတကာလေပိုင်နက်အတွင်းတွင် တရုတ်ဗုံးကြဲ လေယာဉ် ၂ စင်းနှင့် ရုရှားဗုံးကြဲလေယာဉ် ၂ စင်းကို အမေရိကန်နှင့် ကနေဒါတို့က ကြားဖြတ်ဟန့်တားခဲ့ရကြောင်း အမေရိကန်၏ မြောက်အမေရိက လေကြောင်းနှင့်အာကာသ ကာကွယ်ရေးဌာနချုပ် (NORAD) မှ ပြောကြားခဲ့ သည်ဟု အယ်လ်ဂျာဇီးယားမှ ဖော်ပြခဲ့သည်။

ဇူလိုင် ၂၄ ရက်က အမေရိကန်နှင့်ကနေဒါ စစ်လေယာဉ်များသည် ရုရှား၏ TU-95 လေယာဉ် ၂ စင်းနှင့် တရုတ်၏ PRC H-6 စစ်လေယာဉ် ၂ စင်းကို အလက်စကာ လေကြောင်းကာကွယ်ရေး အထူးသတ်မှတ်ဇုန် (ADIZ) အတွင်း ကြားဖြတ်ဟန့်တားခဲ့သည်ဟု NORAD က ထုတ်ပြန်ခဲ့သည်။

ရုရှားနှင့်တရုတ် စစ်လေယာဉ်များသည် ပစိဖိတ်သမုဒ္ဒရာ မြောက်ဘက်ခြမ်းဒေသတွင် ၅ နာရီကျော်ကြာ ပူးတွဲ လေကြောင်း ကင်းလှည့်မှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ရုရှားကာကွယ်ရေးဝန်ကြီးဌာနက ဇူလိုင် ၂၅ ရက်၌ အတည်ပြုခဲ့သည်။

ကင်းလှည့်ပျံသန်းမှု လမ်းကြောင်း၏ နေရာတစ်ခုတွင် မိမိတို့ ကင်းလှည့်လေယာဉ်များကို ပြည်ပနိုင်ငံများ၏ တိုက်လေယာဉ်များက နောက်ယောင်ခံလိုက်ပါ စောင့်ကြပ်မောင်းနှင်ခဲ့သည်ဟုလည်း ရုရှားကာကွယ်ရေးဝန်ကြီး ဌာနက ထုတ်ပြန်ခဲ့သည်။

 ရုရှားဗုံးကြဲလေယာဉ်ကို အမေရိကန်က ဟန့်တားနေစဉ်

တရုတ်ကာကွယ်ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူ ကျန်းရှောင်ကန်း (Zhang Xiaogang) ကလည်း နှစ်ပတ် လည် စစ်ဘက်ဆိုင်ရာ ထိတွေ့ဆက်ဆံမှု အစီအစဉ်အရ ဘာရင်း (Bering) ပင်လယ်ပေါ်တွင်  မဟာဗျူဟာ မြောက် ပူးတွဲလေကြောင်းကင်းလှည့်မှုကို လုပ်ဆောင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

ရုရှားနှင့်တရုတ် စစ်လေယာဉ်များသည် အမေရိကန်နှင့်ကနေဒါ၏ လေပိုင်နက်အတွင်းသို့ ဝင်ရောက်ခဲ့ခြင်း မရှိဘဲ၊ ခြိမ်းခြောက်မှု တစ်ခုအဖြစ် သတ်မှတ်ခဲ့ခြင်းမရှိကြောင်း NORAD က ထုတ်ပြန်ခဲ့သည်။

အမေရိကန်၊ တရုတ်၊ အိန္ဒိယနှင့် ဂျပန်တို့ အပါအဝင် နိုင်ငံအများအပြားသည် လေကြောင်းကာကွယ်ရေး အထူး သတ်မှတ်ဇုန်  (ADIZ) များကို တစ်ဖက်သတ် ကြေညာထားသည်။

ထိုလေကြောင်း ကာကွယ်ရေး အထူးသတ်မှတ်ဇုန်များသည် နိုင်ငံတစ်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင် လေပိုင်နက်နှင့် သဘောထားခြင်း တူညီမှုမရှိပေ။

လေကြောင်းကာကွယ်ရေး အထူးသတ်မှတ်ဇုန်များကို နိုင်ငံတကာဥပဒေဖြင့် အသိအမှတ်ပြုထားသည့် နိုင်ငံတကာအဖွဲ့အစည်းများ၏ ကြီးကြပ်မှုအောက်တွင် ရှိမနေပေ။

အချုပ်အခြာအာဏာပိုင် လေပိုင်နက်များကိုမူ နိုင်ငံတကာဥပဒေအရ အသိအမှတ်ပြုထားသည်။

Source: အယ်လ်ဂျာဇီးယား