CNI News

၂၀၂၄ ခုနှစ်၊ ဇူလိုင် ၂၆

နိုင်ငံရေးပါတီတစ်ရပ်အနေဖြင့် ထပ်၍ မှတ်ပုံတင်ရန် မိမိတို့ ရခိုင်အမျိုးသားပါတီ (ANP) ပါတီဝင်အများစုက ဆန္ဒမရှိတော့ကြောင်း ANP မှ မူဝါဒရေးရာဦးဆောင်ကော်မတီဝင် ဦးထွန်းအောင်ကျော်က CNI သတင်းဌာနသို့ ပြောသည်။

ANP ၏ ပါတီမှတ်ပုံတင် လျှောက်ထားမှုကို နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၇ ဖြင့် ငြိစွန်းနေခြင်း ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က ငြင်းပယ်လိုက်ကြောင်း ဇူလိုင် ၁ ရက်နေ့မှာ ထုတ်ပြန် ခဲ့သည်။

ANP ပါတီမှ ဦးထွန်းအောင်ကျော်က “ကျနော်တို့ကို ပုဒ်မ ၇ နဲ့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ညှိစွန်း တယ်ဆိုပြီးတော့ ကျနော်တို့ကို ငြင်းပယ်လိုက်တယ်ပေါ့၊ အဲဒီတော့ ကျနော်တို့က နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့ မိမိတို့ လုပ်သင့် လုပ်ထိုက်တဲ့ ဥပဒေနဲ့အညီ လုပ်ရမယ့် အလုပ်တွေကို ကျနော်တို့ ကျေပွန်စွာ ဆောင်ရွက်ခဲ့ပြီ အဲဒီတော့ နိုင်ငံတော်က ကျနော်တို့ကို နိုင်ငံရေးပါတီအနေနဲ့ ရပ်တည်စေချင်တဲ့ ဆန္ဒမရှိတော့ဘူးလို့ ကျနော်တို့ ခံယူတဲ့အတွက် ကျနော်တို့ကတော့ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေးမှာ နိုင်ငံရေးအရ ဆောင်ရွက်ဖို့ အတွက် သတိကြီးကြီးထားပြီးတော့ပဲ ကျနော်တို့ ရပ်တည်သွားမယ်။ လိုအပ်ရင်လည်း မိမိတို့ ပါတီဝင်တွေအနေနဲ့ စုစည်းပြီးတော့မှ ဥပဒေနဲ့အညီ လိုအပ်သလို ဥပဒေအတိုင်း ဆောင်ရွက်ဖို့အတွက်ဘဲ စဉ်းစားထားပါတယ်။ ထပ်ပြီး တော့ နိုင်ငံရေးပါတီ တစ်ရပ်အနေနဲ့ မှတ်ပုံတင်ဖို့ ဆန္ဒကတော့ ကျနော်တို့ အများစုကတော့ ဆန္ဒမရှိကြဘူးခင်ဗျ” ဟု CNI သတင်းဌာနသို့ ပြောသည်။

ANP ပါတီကို တွေ့ရစဉ်

UEC က နိုင်ငံရေးပါတီများ ပြန်လည်မှတ်ပုံတင်ခြင်း ဥပဒေနှင့် နည်းဥပဒေများကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီ ၃၁ ရက် တွင် ထုတ်ပြန်ခဲ့ပြီး ရက်ပေါင်း ၆၀ အတွင်း နိုင်ငံရေးပါတီများအား ပြန်လည် မှတ်ပုံတင်ခိုင်းခဲ့သည်။

ထို့နောက် ANP ပါတီ အပါအဝင် နိုင်ငံရေးပါတီအများစု ပြန်လည်မှတ်ပုံတင်ခဲ့ပြီး တစ်နှစ်ကျော်အကြာတွင် ပုဒ်မ ၇ ဖြင့် ညှိစွန်းသည်ဟုဆိုကာ ANP ၏ မှတ်ပုံတင်ခြင်းကို UEC က ငြင်းပယ်ခဲ့သည်။

နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေ ပုဒ်မ ၇ တွင် တည်ဆဲဥပဒေ တစ်ရပ်ရပ်အရ မတရားအသင်းအဖြစ် ကြေညာခြင်းခံရသော အဖွဲ့အစည်း၊ နိုင်ငံတော်ကို လက်နက်ကိုင် ဆန့်ကျင်နေသာ အဖွဲ့အစည်း၊ အကြမ်းဖက် လုပ်ရပ်များကို ကျူးလွန်သည်ဟု နိုင်ငံတော်က သတ်မှတ်သော အဖွဲ့အစည်း၊ ပုဂ္ဂိုလ်များနှင့် တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ၊ အားပေးကူညီခြင်းပြုသည့် အဖွဲ့အစည်းများကို မှတ်ပုံတင်လျှောက်ထားခွင့် မရှိစေရဟု ပြဋ္ဌာန်းထားသည်။

မိမိတို့အနေဖြင့် နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းဖြင့် ဖြေရှင်းရမည်ဆိုသော ခံယူချက်ကို လက်မလွှတ်ကြောင်း၊ တစ်ချိန်ချိန်တွင် နိုင်ငံရေးပါတီ တစ်ရပ်အနေဖြင့် ပါဝင်ခွင့်ရပါက ပါဝင်သွားမည် ဖြစ်ကြောင်း ဦးထွန်းအောင်ကျော် က ပြောသည်။

AA ခေါင်းဆောင် ၂ ဦးကို တွေ့ရစဉ်

၎င်းက “ကျနော်တို့ကတော့ ကိုယ့်ပြည်နယ်ကို အခြေခံပြီးတော့ ကိုယ့်ရခိုင်အမျိုးသား အခြေခံတဲ့ နိုင်ငံရေးပါတီ တစ်ရပ်ကို အခြေခံခဲ့တယ်၊ အဲဒီလို ရခိုင်အမျိုးသား အပါအဝင် ပြည်ထောင်စု တစ်ရပ်လုံးရဲ့ ဒေသဖွံ့ဖြိုးရေး အမျိုးသားအကျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေးအတွက်ကို နိုင်ငံရေး ပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းမယ်ဆိုပြီး ကျနော်တို့ကတော့ အားသွန်ခွန်စိုက် ကျနော်တို့ကတော့ ရိုးရိုးသားသားနဲ့ ဥပဒေနဲ့အညီ ကြိုးစားဆောင်ရွက်ခဲ့ တယ်။ ဒီလို နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းရမယ်ဆိုတဲ့ ခံယူချက်ကိုလည်း ကျနော်တို့ လက်မလွှတ် ဘူး။ အဲဒါကြောင့် တစ်နေ့တစ်ချိန်မှာတော့ အခွင့်ကောင်းတွေ ပေါ်ပေါက်လာလိမ့်မယ်၊ အဲဒီလို ဥပဒေနဲ့အညီ ပါဝင်သင့် ပါဝင်ထိုက်တဲ့အခါမှာတော့ ရခိုင်အမျိုးသားပါတီဝင်တွေအနေနဲ့ မဆုတ်မနစ် ပါဝင်ပြီးတော့ ပြည်ထောင်စုအကျိုးကို သယ်ပိုးဆောင်ရွက်သွားမယ်ဆိုတာကိုတော့ ပြောချင်ပါတယ်ခင်ဗျ” ဟု ပြောသည်။

ရခိုင်အမျိုးသားပါတီ (ANP) သည် ရခိုင်အင်အားကြီး နိုင်ငံရေးပါတီတစ်ခုဖြစ်ပြီး ပြီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲများတွင် နေရာအများစု အနိုင်ရရှိခဲ့သည်။

လက်ရှိတွင် ရခိုင်ပြည်နယ်အတွင်းမှာ အာရက္ခတပ်တော်(AA)နှင့် မြန်မာ့တပ်မတော်ကြား တိုက်ပွဲများ အပြင်း အထန်ဖြစ်ပွားနေသည်။

ထို့နောက် ANP ပါတီကနေ လွှတ်တော်အမတ်များဖြစ်ခဲ့သူတချို့က AA ထဲဝင်ရောက်၍ လက်နက်ကိုင် လှုပ်ရှားမှု များ ပြုလုပ်နေသလို ANP ပါတီထိပ်ပိုင်း ခေါင်းဆောင်တချို့မှာ AA ခေါင်းဆောင်များဖြင့် မိသားစုဖြစ်နေခြင်း ကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်(UEC)က ANP ပါတီအား ပုဒ်မ ၇ ဖြင့် ညှိစွန်းသည်ဟုဆိုကာ မှတ်ပုံ တင်ခွင့် ငြင်းပယ်လိုက်ခြင်း ဖြစ်နိုင်သည်ဟု နိုင်ငံရေးအကဲခတ်များက ပြောသည်။