CNI International News

ဖနွမ်ပင်၊ ဩဂုတ် ၂

ကမ္ဘောဒီးယားအစိုးရသည် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းသွားမည်ဟု ကမ္ဘောဒီးယား ဒုတိယဝန်ကြီးချုပ် ဆန် ချန်သော (Sun Chanthol) က ဩဂုတ် ၁ ရက်တွင် ပြောကြားခဲ့သည်ဟု CNA မှ ဖော်ပြခဲ့သည်။

မကြာသေးမီက ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ်ပဋိပက္ခတွင် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိအောင် ထရမ့်က ကြားဝင်စေ့စပ်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ကမ္ဘောဒီးယားသည် ထရမ့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းရန် ရွေးချယ်ထားခြင်း ရှိ၊မရှိ စာဖြင့်ပေးပို့ပြီး မေးမြန်းခဲ့ရာတွင် ချန်သောက ထရမ့်ကို အမည်စာရင်း တင်သွင်းမည်ဟု အတည်ပြုခဲ့သည်။

ထရမ့်သည် ငြိမ်းချမ်းရေးကို ဆောင်ကျဉ်းပေးခဲ့သဖြင့် ကျေးဇူးတင်ကြောင်း၊ ထရမ့်သည့် ငြိမ်းချမ်းရေး နိုဘယ်ဆုနှင့် ထိုက်တန်ကြောင်း ချန်သောက ဖနွမ်ပင် (Phnom Penh) မြို့တော်တွင် သတင်းထောက်များကို ပြောကြားခဲ့သည်။

ထိုင်းနဲ့ကမ္ဘောဒီးယား အပစ်ရပ်စဲရေး မလေးရှားမှာ ဆွေးနွေးပြီးတွေ့ရစဉ်

ဇွန်လအတွင်းကလည်း ပါကစ္စတန်သည် အိန္ဒိယနှင့် ပါကစ္စတန်ကြား ပဋိပက္ခကို ဖြေရှင်းရာတွင် ထရမ့်၏ ကူညီ ဆောင်ရွက်ပေးမှုကြောင့် ထရမ့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းမည်ဟု ပြောကြားခဲ့ သည်။

ထို့ပြင် ပြီးခဲ့သည့်လကလည်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု (Benjamin Netanyahu) က ထရမ့်ကို ငြိမ်းချမ်းရေးနိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းမည်ဟု ပြောကြားခဲ့သည်။

ထရမ့်သည် ပြီးခဲ့သည့် သီတင်းပတ်က ထိုင်းနှင့် ကမ္ဘောဒီးယားကြား နယ်စပ်ဒေသပဋိပက္ခကို အဆုံးသတ်ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရယူရန် ထိုင်းနှင့် ကမ္ဘောဒီးယား ခေါင်းဆောင်များကို တိုက်တွန်းခဲ့သည်။

ထိုင်းနှင့် ကမ္ဘောဒီးယား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုရကြောင်း ကြေညာချက် ထွက်ပေါ်လာချိန်တွင် အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ကာရိုလိုင်း လက်ဗစ် (Karoline Leavitt) က ထရမ့်သည် ထိုအပစ်အခတ်ရပ်စဲ ရေး ရရှိစေရန် လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြော်ငး X လူမှုမီဒီယာတွင် ရေးသားခဲ့သည်။

ထို့ပြင် လက်ဗစ်သည် “သူ့ကို ငြိမ်းချမ်းရေးနိုဘယ်ဆု ပေးလိုက်ပါ” ဟုလည်း ရေးသားခဲ့သည်။

Source: CAN