CNI International News
ကွာလာလမ်ပူ၊ အောက်တိုဘာ ၁၅
မလေးရှားနိုင်ငံတွင် ပြုလုပ်မည့် အာဆီယံ အစည်းအဝေးအတွင်း ထိုင်းနှင့် ကမ္ဘောဒီးယားကြား ငြိမ်းချမ်းရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) တက်ရောက်လိမ့်မည်ဟု CNA မှဖော်ပြခဲ့သည်။
ဇူလိုင်လအတွင်းက ထိုင်းနှင့် ကမ္ဘောဒီးယားနယ်စပ်တွင် နှစ်နိုင်ငံစစ်သားများ အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှု ဖြစ်ပွားခဲ့သဖြင့် လူ ၄၀ သေဆုံးကာ လူပေါင်း ၃၀၀,၀၀၀ ခန့် ဘေးလွတ်ရာ ထွက်ပြေး တိမ်းရှောင်ခဲ့ပြီးနောက် နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်ခဲ့သည်။
ထရမ့် အပါအဝင် မလေးရှားနိုင်ငံ၏ ကြားဝင်စေ့စပ်ပေးမှုကြောင့် ထိုင်းနှင့်ကမ္ဘောဒီးယားသည် ၅ ရက်ကြာ ပစ်ခတ်တိုက်ခိုက်မှုများ အဆုံးသတ်ခဲ့ပြီး အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ရရှိခဲ့သော်လည်း ထိုသဘော တူညီချက်ကို ချိုးဖောက်မှုများရှိကြောင်း အပြန်အလှန် စွပ်စွဲခဲ့ကြသည်။
ထရမ့်သည် ထိုင်း-ကမ္ဘောဒီးယား ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုမှုကို မျက်မြင်အဖြစ် တက်ရောက်ရန် မျှော်လင့်နေ ကြောင်း မလေးရှားနိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဟက်ဆန်က ကွာလာလမ်ပူ (Kuala Lumpur) မြို့တော်တွင် အောက်တိုဘာ ၁၄ ရက်က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။
ထရမ့်သည် ကွာလာလမ်ပူတွင် အောက်တိုဘာ ၂၆ ရက်မှ ၂၈ ရက်အထိ ပြုလုပ်မည့် အာဆီယံ အစည်းအဝေးကို တက်ရောက်ရန်အတွက် မလေးရှားသို့ အောက်တိုဘာ ၂၆ ရက်တွင် ရောက်ရှိလာလိမ့်မည်ဟု ဟက်ဆန်က ပြော သည်။
ထိုင်း၊ ကမ္ဘောဒီးယားနဲ့ မလေးရှားဝန်ကြီးချုပ်များကို တွေ့ရစဉ်
မလေးရှားနှင့် အမေရိကန်သည် ထိုင်းနှင့် ကမ္ဘောဒီးယားကြား ပိုမိုကျယ်ပြန့်သည့် အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု ရရှိရေးအတွက် အဆင်ပြေ ချောမွေ့မှုရှိအောင် လုပ်ဆောင်ပေးလိုကြောင်း ဟက်ဆန်က ပြောကြားခဲ့သည်။
ထိုသဘောတူညီချက်အရ ထိုင်းနှင့် ကမ္ဘောဒီးယားသည် ၎င်းတို့၏ နယ်စပ်ဒေသများရှိ မြေမြှုပ်မိုင်းများ အားလုံးကို ဖယ်ရှားရန်နှင့် စစ်လက်နက်ယန္တရားများကို ရုပ်သိမ်းရန် လိုအပ်ကြောင်း ၎င်းက ဆိုသည်။
“နှစ်နိုင်ငံစလုံးက အဲဒီ သတ်မှတ်ချက်တွေကို အကောင်အထည် ဖော်နိုင်လိမ့်မယ်လို့ မျှော်လင့်ရပြီး အာဆီယံ အစည်းအဝေးမှာ ကြေညာချက်တစ်စောင် လက်မှတ်ရေးထိုး နိုင်လိမ့်မယ်လို့လည်း မျှော်လင့်ရပါတယ်” ဟု ဟက်ဆန်က ပြောကြားခဲ့သည်။
ထိုကြေညာချက်ကို ကွာလာလမ်ပူ ကြေညာချက် သို့မဟုတ် ကွာလာလမ်ပူ သဘောတူညီချက်ဟု အမည်ပေး နိုင်မည် ဖြစ်ပြီး၊ ထိုင်းနှင့် ကမ္ဘောဒီးယားကြား ငြိမ်းချမ်းရေး ရရှိရန်နှင့် အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို အကောင်အထည်ဖော်ရေးတို့တွင် အတူတကွ ပူးပေါင်းဆောင်ရွက်စေရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဟက်ဆန်က ပြောကြားခဲ့သည်။
Source: CAN