CNI Sport News
၂၀၂၅ ခုနှစ်၊ အောက်တိုဘာ ၂၇
အက်စတွန်ဗီလာအသင်းက မန်စီးတီးအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူစားဝင် အဖြစ် ပါဝင်ခဲ့တဲ့ ဆန်ချိုကို လူစားပြန်လဲခဲ့တာက ကြံ့ခိုင်မှု အကြောင်းပြချက်တွေကြောင့်သာ ဖြစ်တယ်လို့ နည်းပြ အူနှိုင်းအမ်မရီက ပြောခဲ့ပါတယ်။
အူနှိုင်းအမ်မရီက “ဆန်ချိုဟာ ပြီးခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာ မိနစ် ၅၀ ကျော် ကစားခဲ့ပြီး အလွန်ကောင်းမွန်တဲ့ မိနစ်တွေရခဲ့ပါတယ်။ သူ့ကို ဒီပွဲရဲ့ဒုတိယပိုင်းမှာ ဝင်ရောက် ကစားစေဖို့ စီစဉ်ထားပေမယ့် ဘူအန်ဒီယာ ဒဏ်ရာ ရသွားအပြီးမှာ သူ့ကို ထည့်သွင်းဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ သူ့ရဲ့သက်ရောက်မှုက ကောင်းပေမယ့် ကျနော့်ရဲ့ အစီအစဉ်က သူ့ကို ပြန်လူစားလဲဖို့ ဖြစ်တယ်ဆိုတာ ကျနော်သိပါတယ်။ ကျနော့်ကို ဒေါသထွက်တာ ရှိနိုင်ပေမယ့် သူ ၄၅ မိနစ်ကစားသွားတာ အလွန်ကောင်းပါတယ်”လို့ ပြောခဲ့ပါတယ်။
ယူနိုက်တက်အသင်းကနေ အငှားနဲ့ လာရောက်ကစားနေတဲ့ ဆန်ချိုဟာ မန်စီးတီးအသင်းနဲ့ပွဲစဉ်မှာ အက်စတွန် ဗီလာအသင်းရဲ့ ပွဲထွက်လူစာရင်းထဲ မပါဝင်ခဲ့ပေမယ့် ပွဲချိန် ၂၉ မိနစ်မှာ ဒဏ်ရာရသွားခဲ့တဲ့ ဘူအန်ဒီယာရဲ့ နေရာမှာ လူစားလဲ ဝင်ရောက်ခဲ့တာပါ။

ဆန်ချိုကို တွေ့ရစဉ်
ဒါပေမယ့် ဆန်ချိုဟာ အထင်ကြီးစရာ ကောင်းတဲ့ စွမ်းဆောင်ရည်မျိုး မပြသနိုင်ခဲ့တဲ့အတွက် နည်းပြ အူနှိုင်းအမ်မရီဟာ ပွဲချိန် ၇၄ မိနစ်မှာ သူ့ကို လူစားပြန်လဲခဲ့တာ ဖြစ်ပါတယ်။
ဆန်ချိုဟာ လူစားပြန်လဲခဲ့ရတဲ့အတွက် အလွန်စိတ်ပျက်နေခဲ့ပြီး နည်းပြက သူ့ကို နှုတ်ဆက်တဲ့ အချိန်မှာ လျစ်လျူရှုကာ အရန်ခုံတန်းပေါ် သွားရောက်ခဲ့တာပါ။
နည်းပြ အူနှိုင်းအမ်မရီကတော့ ဆန်ချိုဟာ ပါဝင်ကစားချိန်မှာ အလွန်ကောင်းမွန်စွာ စွမ်းဆောင်နိုင်ခဲ့ပေမယ့် သူ့ကို လူစားပြန်လဲဖို့ စီစဉ်ပြီးသားဖြစ်တယ်လို့ ပြောခဲ့ပါတယ်။
ဆန်ချိုဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းအတွက် ၅ ပွဲ ပါဝင်ကစားထားပေမယ့် ဂိုးပါဝင်ပတ်သက်မှု ပြုလုပ်နိုင်ခြင်း မရှိသေးတာပါ။
နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ် ၄ ပွဲဆက်တိုက် အနိုင်ရခဲ့တဲ့ အက်စတွန်ဗီလာအသင်းဟာ လာမယ့် လိဂ်ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: metro
