CNI Sport News
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၂
အက်စတွန်ဗီလာအသင်းဟာ ယူရိုပါလိဂ်ပွဲစဉ်မှာ ဘေဆယ်လ်အသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက် ပြိုင်ပွဲစုံ ၈ ပွဲဆက်တိုက် အနိုင်ရကာ ၁၉၁၄ ခုနှစ်နောက်ပိုင်း ထိပ်တန်းလိဂ် အသင်းတစ်သင်းအနေနဲ့ သူတို့ရဲ့ အရှည်ကြာ ဆုံး နိုင်ပွဲစံချိန် ဖြစ်ခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ရာသီအစပွဲတွေမှာ ရလဒ်တွေ မကောင်းဖြစ်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရလဒ် တွေ ကောင်းခဲ့ပြီး အခုဆိုရင် ၈ ပွဲဆက်တိုက် အနိုင်ရတဲ့ စံချိန်ကောင်းကိုပါ ရရှိခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ ဒီနိုင်ပွဲကြောင့် ယူရိုပါလိဂ်ပြိုင်ပွဲမှာ ၆ ပွဲ ကစားထားပြီး ရမှတ် ၁၅ မှတ်နဲ့ ၁၆ သင်း အဆင့် တိုက်ရိုက်တက်နိုင်ဖို့ နီးစပ်သွားခဲ့ပါတယ်။
ဘေဆယ်လ်နဲ့ပွဲမှာ အက်စတွန်ဗီလာအသင်းအတွက် အနိုင်ဂိုးကို လူစားဝင်ရောက်လာတဲ့ တိုင်လီမန်စ်က သွင်းယူခဲ့တာပါ။
အဲ့ဒါကြောင့် အက်စတွန်ဗီလာအသင်းဟာ ၃ ပွဲဆက်တိုက်အဖြစ် လူစားဝင် ကစားသမားတွေက အသင်းအတွက် အရေးပါတဲ့ အဆုံးအဖြတ် ဂိုးသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။

အက်စတွန်ဗီလာအသင်းကို တွေ့ရစဉ်
အက်စတွန်ဗီလာအသင်းနည်းပြ အူနှိုင်းအမ်မရီက ဒီပွဲမှာ သူတို့ရုန်းကန်ခဲ့ရပြီး သရေကျလုနီးပါး ဖြစ်ခဲ့ပေမယ့် နိုင်ပွဲရရှိအောင် စွမ်းဆောင်နိုင်ခဲ့တဲ့အပေါ် ပျော်ရွှင်တယ်လို့ ပြောခဲ့ပါတယ်။
အူနှိုင်းအမ်မရီဟာ ဒီပွဲမှာ ပြီးခဲ့တဲ့ အာဆင်နယ်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က ပွဲထွက်လူစာရင်းကို ၈ ဦးအထိ ပြောင်းလဲပြီး အသုံးပြုခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၆ ပွဲမှာ ၁၄ ပွဲအထိ အနိုင်ရခဲ့ပြီး ဥရောပထိပ်တန်း ၅ လိဂ်မှာ စွမ်းဆောင်ရည် အကောင်းဆုံးအသင်းတွေထဲက တစ်သင်းအဖြစ် ရပ်တည်နေပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၃ မှတ်အကွာ အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။
အက်စတွန်ဗီလာအသင်းဟာ လာမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအသင်းအိမ်ကွင်း သွားရောက် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC
