CNI Sport News
၂၀၂၆ ခုနှစ်၊ မေလ ၂၁
အက်စတွန်ဗီလာအသင်းဟာ ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ဖရိုင်းဘတ်အသင်းကို ၃ ဂိုး-ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးဆုဖလားကို ရရှိခဲ့ပါတယ်။
တိုင်လီမန်စ်၊ ဘူအန်ဒီယာ၊ မော်ဂန်ရော်ဂျာစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့တဲ့ အက်စတွန်ဗီလာအသင်းဟာ ၁၉၉၅-၉၆ ရာသီက လိဂ်ဖလား ရရှိပြီးနောက် နှစ်ပေါင်း ၃၀ ကြာ ဆုဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့တာပါ။
ဒါ့အပြင် ယူရိုပါလိဂ်ဖလားဟာ အက်စတွန်ဗီလာအသင်းအတွက် ၁၉၈၂ ခုနှစ်က ဥရောပဖလား ရယူပြီးနောက်ပိုင်း နှစ်ပေါင်း ၄၄ နှစ်အကြာမှာ ပြန်လည် ရယူနိုင်ခဲ့တဲ့ အဓိကဥရောပဖလားလည်း ဖြစ်ခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းနည်းပြ အူနှိုင်းအမ်မရီ အတွက်တော့ ယူရိုပါလိဂ်ဖလားကို စံချိန်တင် ၅ ကြိမ်မြောက် ရယူနိုင်ခဲ့တာဖြစ်ပြီး ဆီဗီလာအသင်းနဲ့ ၃ ကြိမ်၊ ဗီလာရီးရယ်လ်အသင်းနဲ့ ၁ ကြိမ်ရယူထားတာပါ။
အက်စတွန်ဗီလာအသင်းရဲ့ အမာခံ ပရိသတ်ဖြစ်တဲ့ မင်းသားဝီလျံဟာ အစ္စတန်ဘူလ်မှာ ကျင်းပခဲ့တဲ့ ယူရိုပါလိဂ် ဗိုလ်လုပွဲကို တက်ရောက် ကြည့်ရှုခဲ့ပြီး ပွဲအပြီးမှာ အောင်ပွဲခံခဲ့ပါတယ်။

အက်စတွန်ဗီလာအသင်းကို တွေ့ရစဉ်
မင်းသားဝီလျံဟာ နည်းပြ အူနှိုင်းအမ်မရီနဲ့အတူ ယူရိုပါလိဂ်ဖလားကို ကိုင်ပြီးရိုက်ထားတဲ့ပုံလည်း ဆိုရှယ်မီဒီယာ ပေါ်မှာ ထွက်ပေါ်ခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်း ခေါင်းဆောင် မက်ဂင်းက မင်းသားဝီလျံဟာ ပွဲမတိုင်မီ အဝတ်လဲခန်းထဲရှိနေခဲ့ပြီး သူက အသင်းရဲ့ အမာခံပရိသတ်ဖြစ်တဲ့အတွက် သူ့ရဲ့အားပေးမှုကို ရရှိတာဟာ အလွန်ကောင်းမွန်တယ်လို့ ပြောခဲ့တာပါ။
အက်စတွန်ဗီလာအသင်းဟာ လာမယ့်ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ခွင့် ရရှိထားသလို ယူရိုပါလိဂ်ဖလား လည်း ရရှိခဲ့တာကြောင့် ဒီရာသီကို အကောင်းဆုံး အဆုံးသတ်နိုင်ခဲ့ပါတယ်။
အက်စတွန်ဗီလာအသင်းဟာ ပရီးမီးယားလိဂ် ရာသီ နောက်ဆုံးပွဲအဖြစ် မန်စီးတီးအသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: ESPN
