CNI Sport News

၂၀၂၄ ခုနှစ်၊ အောက်တိုဘာ ၃

အက်စတွန်ဗီလာအသင်းဂိုးသမား မာတီနက်ဇ်က ဘိုင်ယန်မြူးနစ်အသင်းကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် အပြီးမှာ သူတို့ဟာ ထိပ်ဆုံး ၈ သင်းထဲ ဝင်ရောက်ပြီး နောက်တစ်ဆင့်ကို တက်ချင်တယ်လို့ ပြောခဲ့ပါတယ်။ 

မာတီနက်ဇ်က “ကျနော်တို့ဟာ ထိပ်ဆုံး ၈ သင်းထဲဝင်ပြီး ၁၆ သင်းအဆင့်ကို အလိုအလျောက် တက်ချင်ပါတယ်။ ဗီလာအသင်းဟာ အရှေ့ကိုသွားနေတဲ့ အသင်းဖြစ်ပြီး ဒါက ကျနော်ဒီမှာ ဆက်ရှိနေတဲ့ အဓိကအကြောင်းအရင်းပါ။ ဒီမှာကစားရတာကို နှစ်သက်ပြီး ပရိသတ်တွေကို ကျနော်ချစ်ပါတယ်။ ဒီနိုင်ပွဲဟာ သူတို့အတွက်ပါ”လို့ ပြောခဲ့တာ ပါ။ 

အက်စတွန်ဗီလာအသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းကို ဒူရမ်ရဲ့ ပွဲချိန် ၇၉ မိနစ်မှာ သွင်းယူခဲ့တဲ့ဂိုးကြောင့် ၁ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီရှုံးပွဲကြောင့် ချန်ပီယံလိဂ် အုပ်စုအဆင့်ပွဲတွေမှာ ရှုံးပွဲမရှိ ကစားနိုင်တဲ့ မှတ်တမ်းဟာ ၄၁ ပွဲမှာ ရပ်တန့်သွားခဲ့ရတာပါ။ 

အက်စတွန်ဗီလာအသင်းဟာ နည်းပြ အူနှိုင်းအမ်မရီ ကိုင်တွယ်ပြီးကတည်းက ရလဒ်ကောင်းတွေ ဆက်တိုက် ရယူနေပြီး ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ၂ ပွဲကစား ၂ ပွဲစလုံး အနိုင်ရလဒ်ရရှိထားတာ ဖြစ်ပါတယ်။ 

အက်စတွန်ဗီလာနဲ့ဘိုင်ယန် ယှဉ်ပြိုင်နေစဉ်

ဘိုင်ယန်မြူးနစ်အသင်းဘက်ကို အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဒူရမ်ဟာ ဒီရာသီမှာ ဗီလာအသင်းအတွက် လူစားလဲ ဝင်ရောက်ပြီးနောက် သွင်းယူတဲ့ဂိုးက ၅ ဂိုးအထိ ရှိသွားပြီဖြစ်တာပါ။ 

မာတီနက်ဇ်က အသင်းဖော် ဒူရမ်ဟာ မတူညီတဲ့ စိတ်ဓါတ်တွေကို ယူဆောင် ပေးလာနိုင်တဲ့သူဖြစ်ပြီး ပထမဆုံး ဘောလုံးထိချက်မှာတင် ကမ္ဘာ့အကောင်းဆုံး ဂိုးသမားဖြစ်တဲ့ နူအာကို ဂိုးသွင်းနိုင်ခဲ့တယ်လို့ ချီးကျူးခဲ့ပါတယ်။ 

ဒီပွဲကို အက်စတွန်ဗီလာအသင်းရဲ့ အမာခံ ပရိသတ်ဖြစ်တဲ့ မင်းသားဝီလျံလည်း လာရောက်ကြည့်ရှုခဲ့ပြီး အသင်းရဲ့ နိုင်ပွဲအတွက် ပျော်ရွှင်နေခဲ့တာပါ။ 

ဒီရာသီ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၅ နေရာ ရပ်တည်နေတဲ့ ဗီလာအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ယူနိုက်တက်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: dailymail