CNI Sport News

၂၀၂၆ ခုနှစ်၊ မတ်လ ၁၃

အက်စတွန်ဗီလာအသင်းဟာ ယူရိုပါလိဂ် ၁၆ သင်းအဆင့်ပထမအကျော့ပွဲမှာ လိုင်လီအသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့အနိုင်ရခဲ့ပြီးနောက် နည်းပြအူနှိုင်းအမ်မရီဟာ နိုင်ပွဲ ၁၀၀ အမြန်ဆုံးပြည့်တဲ့ အက်စတွန်ဗီလာအသင်းနည်းပြအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ်၊နိုဝင်ဘာလမှာ အက်စတွန်ဗီလာအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ နည်းပြအူနှိုင်းအမ်မရီဟာ ပြိုင်ပွဲစုံပွဲပေါင်း ၁၈၁ ပွဲကိုင်တွယ်အပြီးမှာ နိုင်ပွဲ ၁၀၀ ပြည့်ခဲ့တာပါ။ 

အူနှိုင်းအမ်မရီဟာ ဒီပွဲတွေမှာ အနိုင် ၅၅.၂ ရာခိုင်နှုန်းရယူပေးထားတာကြောင့် အသင်းသမိုင်းမှာ နိုင်ပွဲရာခိုင်နှုန်းအများဆုံးရယူပေးထားတဲ့နည်းပြအဖြစ်လည်း ရပ်တည်နေပါတယ်။ 

အက်စတွန်ဗီလာအသင်းကို အူနှိုင်းအမ်မရီကိုင်တွယ်ပြီးကတည်းက ပရီးမီးယားလိဂ်နည်းပြတွေထဲမှာ သူ့ထက်နိုင်ပွဲအများဆုံးရယူထားနိုင်တဲ့နည်းပြတွေအဖြစ် မန်စီးတီးအသင်းနည်းပြဂွာဒီယိုလာက ၁၃၇ ပွဲနဲ့ အာဆင်နယ်အသင်းနည်းပြအာတီတာက ၁၁၈ ပွဲသာရှိတာဖြစ်ပါတယ်။ 

အက်စတွန်ဗီလာအသင်းကို တွေရစဉ်

အူနှိုင်းအမ်မရီဟာ ဒီရာသီမှာ အက်စတွန်ဗီလာအသင်းကို ယူရိုပါလိဂ်ဖလားရယူပေးပြီး သူ့ရဲ့နည်းပြဘဝမှာ ယူရိုပါလိဂ်ဖလား ၅ ကြိမ်မြောက်ရယူနိုင်ဖို့ ရည်မှန်းထားတာပါ။ 

အက်စတွန်ဗီလာအသင်းဟာ လိုင်လီအသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့တာကြောင့် ဒုတိယအကျော့အိမ်ကွင်းကစားရမယ့်ပွဲမှာ အားသာချက်တွေရှိသွားခဲ့ပြီး ကွာတားဖိုင်နယ်တက်ဖို့ အခွင့်အရေးများသွားခဲ့ပါတယ်။ 

အက်စတွန်ဗီလာအသင်းခေါင်းဆောင်မက်ဂင်းက အသင်းဟာပြီးခဲ့တဲ့ပွဲတွေမှာ ရလဒ်တွေမကောင်းခဲ့တာကြောင့် ဒီပွဲကနေသင်ယူကာ ဒီထက်အများကြီးပိုကောင်းအောင်လုပ်နိုင်တယ်ဆိုတာ သိတယ်လို့ ပွဲအပြီးမှာ ပြောခဲ့ပါတယ်။ 

ပရီးမီးယားလိဂ် ၃ ပွဲဆက်တိုက်နိုင်ပွဲပျောက်ဆုံးကာ အဆင့် ၄ နေရာရပ်တည်နေတဲ့ အက်စတွန်ဗီလာအသင်းဟာ လာမယ့်လိဂ်ပွဲအဖြစ် အဆင့် ၃ နေရာက ယူနိုက်တက်အသင်းနဲ့ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။