CNI Sport News
၂၀၂၆ ခုနှစ်၊ မတ် ၁၃
ပရီးမီးယားလိဂ်နည်းပြဟောင်း ဂရေဟမ်ပေါ်တာဟာ ဆွီဒင်အသင်းနည်းပြအဖြစ် ၂၀၃၀ ခုနှစ်အထိရှိမယ့် ၄ နှစ်စာချုပ်သက်တမ်းတိုးခဲ့ပါတယ်။
ဂရေဟမ်ပေါ်တာဟာ ဝက်စ်ဟမ်းအသင်းကနေ ထုတ်ပယ်ခံရပြီးနောက် မနှစ်ကအောက်တိုဘာလမှာ ဆွီဒင်အသင်းနည်းပြအဖြစ်ကာလတိုစာချုပ်ချုပ်ဆိုကာ ခန့်အပ်ခံခဲ့ရပြီး ဆွီဒင် FA က သူ့ရဲ့စာချုပ်ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲနဲ့ဆက်စပ်နေတယ်လို့ ပြောခဲ့ပါတယ်။
ဂရေဟမ်ပေါ်တာဟာ ဆွီဒင်အသင်းကို ၂ ပွဲသာ ကိုင်တွယ်ထားရသေးကာ ဒီပွဲတွေမှာ အသင်းဟာ ၁ ပွဲသရေ၊ ၁ ပွဲရှုံးနိမ့်ထားတာပါ။
ဆွီဒင်အသင်းဟာ လာမယ့် မတ်လ ၂၆ ရက်မှာ ကမ္ဘာ့ဖလားပလေးအော့ဖ် ဆီမီးဖိုင်နယ်ပွဲအဖြစ် ယူကရိန်းအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီမတိုင်မီမှာ ဂရေဟမ်ပေါ်တာဟာ ကာလရှည် စာချုပ်သစ်ချုပ်ခဲ့တာဖြစ်ပါတယ်။

ဆွီဒင်နည်းပြ ဂရေဟမ်ပေါ်တာကို တွေ့ရစဉ်
ဆွီဒင်အသင်းဟာ ယူကရိန်းအသင်းကို အနိုင်ရခဲ့ရင် ပိုလန်နဲ့အယ်လ်ဘေးနီးယားအသင်းတို့ပွဲက အနိုင်ရတဲ့ အသင်းနဲ့ ဗိုလ်လုပွဲယှဉ်ပြိုင်ရမှာပါ။
ဆွီဒင်ဘောလုံးအဖွဲ့ချုပ်က ဂရေဟမ်ပေါ်တာနဲ့ ဆက်ပြီးပူးပေါင်းဆောင်ရွက်ရမှာဖြစ်တဲ့အတွက် ဝမ်းသာမိပြီး ကာလရှည်စာချုပ်သစ်က ကစားသမားတွေနဲ့နည်းပြကို စိတ်အေးအေးထားကာ အနာဂတ်ချန်ပီယံရှစ်အတွက် လှုပ်ရှားမှုတွေကို အဆတ်မပြတ်ဖန်တီးနိုင်ဖို့ အခွင့်အရေးပေးတာလို့ထုတ်ပြန်ခဲ့ပါတယ်။
ဂရေဟမ်ပေါ်တာကလည်း သူ့အတွက်အလွန်ဂုဏ်ယူစရာကောင်းတဲ့နေ့ဖြစ်ပြီး အခုအချိန်မှာတော့ ကမ္ဘာ့ဖလားပြိုင်ပွဲကို သွားနိုင်အောင် လာမယ့် ၂ ပွဲကို အနိုင်ရယူချင်တယ်လို့ ပြောခဲ့ပါတယ်။
ဆွီဒင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလားခြေစစ်ပွဲမှာ အုပ်စုတွင်းနောက်ဆုံးနေရာရပ်တည်ခဲ့ပေမယ့် နေးရှင်းလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းရယူနိုင်ခဲ့တာကြောင့် ပလေးအော့ဖ်ယှဉ်ပြိုင်ခွင့်ရခဲ့တာဖြစ်ပါတယ်။
