CNI Sport News
၂၀၂၅ ခုနှစ်၊ နိုဝင်ဘာ ၆
ဆွီဒင်နည်းပြသစ်အဖြစ် ခန့်အပ်ခြင်းခံထားရတဲ့ ဂရေဟမ်ပေါ်တာဟာ သူ့ရဲ့ပထမဆုံး လူစာရင်းကို ထုတ်ပြန်ခဲ့ တာမှာ အာဆင်နယ်အသင်း တိုက်စစ်မှူး ယိုကီရက်စ် မပါဝင်ခဲ့ပေမယ့် လီဗာပူးလ်အသင်း တိုက်စစ်မှူး အစ်ဆက် ပါဝင်ခဲ့ပါတယ်။
ယိုကီရက်စ်ဟာ ပြီးခဲ့တဲ့ ဘန်လေအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဒဏ်ရာရခဲ့တာကြောင့် ဒီရက်သတ္တပတ်ထဲ နောက်ထပ် စမ်းသပ်စစ်ဆေးမှုတွေ ပြုလုပ်ခံရဖို့ရှိနေတာပါ။
ယိုကီရက်စ်ဟာ ဒဏ်ရာကြောင့် ဆလားဗီးယားအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ အာဆင်နယ်အသင်းအတွက် ပါဝင်နိုင်ခဲ့ခြင်း မရှိပါဘူး။
အစ်ဆက်ကလည်း ပေါင်ခြံဒဏ်ရာကြောင့် အောက်တိုဘာ ၂၂ ရက်ကတည်းက လီဗာပူးလ်အသင်းရဲ့ ပွဲစဉ်တွေမှာ ပါဝင်ကစားနိုင်ခဲ့ခြင်းမရှိတာ ဖြစ်ပါတယ်။

ဂရေဟမ်ပေါ်တာကို တွေ့ရစဉ်
ဒါပေမယ့် အစ်ဆက်ဟာ ဆွစ်ဇာလန်၊ ဆလိုဗေးနီးယားအသင်းတို့နဲ့ ယှဉ်ပြိုင်မယ့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ အတွက် ဆွီဒင်အသင်းရဲ့လူစာရင်းထဲမှာ ပါဝင်ခဲ့တာပါ။
စပါးအသင်း ကွင်းလယ်လူ ဘာ့ဂ်ဗောလ်နဲ့ နယူးကာဆယ်အသင်း တောင်ပံကစားသမား အီလန်ဂါတို့လည်း နည်းပြ ဂရေဟမ်ပေါ်တာရဲ့ ဆွီဒင်အသင်း လူစာရင်းထဲမှာ ပါဝင်ခဲ့ပါတယ်။
ဂရေဟမ်ပေါ်တာဟာ ထုတ်ပယ်ခံခဲ့ရတဲ့ နည်းပြ တိုမာဆန်ရဲ့ နေရာမှာ အစားထိုး ဝင်ရောက်ပြီး ဆွီဒင်အသင်းရဲ့ နည်းပြသစ်အဖြစ် ကာလတို ခန့်အပ်ခြင်း ခံခဲ့ရတာပါ။
ဆွီဒင်အသင်းဟာ ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲအုပ်စု B မှာ ၄ ပွဲကစားထားပြီး ရမှတ် ၁ မှတ်နဲ့ နောက်ဆုံးနေရာမှာ ရပ်တည်နေပါတယ်။
ဆွီဒင်အသင်းဟာ အုပ်စုတွင်းမှာ ဒုတိယနေရာနဲ့ အဆုံးမသတ် နိုင်ခဲ့ရင်တောင် ပြီးခဲ့တဲ့နေးရှင်းလိဂ်ပြိုင်ပွဲမှာ ရလဒ်ကောင်းခဲ့တာကြောင့် ကမ္ဘာ့ဖလားဝင်ခွင့်အတွက် ပလေးအော့ဖ် ကစားခွင့်ရဖို့ အခွင့်အရေး ရရှိနေတာပါ။
ဒါပေမယ့် ဆွီဒင်အသင်းဟာ လက်ကျန်ခြေစစ်ပွဲ ၂ ပွဲစလုံး ရလဒ်ကောင်း ရယူနိုင်ဖို့လည်း လိုအပ်နေတာ ဖြစ်ပါ တယ်။
Source: BBC
