CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄
ဝက်စ်ဟမ်းအသင်းရဲ့ရလဒ်ဆိုးတွေကြောင့် ထုတ်ပယ်ခံရမယ်လို့သတင်းတွေထွက်နေတဲ့ နည်းပြ ဂရေဟမ်ပေါ်တာဟာ အောက်တိုဘာနိုင်ငံတကာပွဲစဉ်တွေမလာမီအထိ အသင်းမှာဆက်ရှိနေမယ်လို့ TBR Football က ဖော်ပြထားပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ လာမယ့်နိုင်ငံတကာပွဲစဉ်တွေမတိုင်မီ အဲဗာတန်၊ အာဆင်နယ်အသင်းတို့နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။
နည်းပြဟောင်း ဒေးဗစ်မိုယက်စ်ကိုင်တွယ်နေတဲ့ အဲဗာတန်အသင်းနဲ့ပွဲစဉ်မှာ အရှက်တကွဲမဖြစ်ဘူးဆိုရင် ဝက်စ်ဟမ်းအသင်းဟာ သူတို့စီစဉ်ထားတဲ့အတိုင်း ပြောင်းလဲသွားဖွယ်မရှိဘူးလို့ သိရပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ပြီးခဲ့တဲ့အပတ်က နော်တင်ဟမ်ဖောရက်စ်အသင်း နည်းပြဟောင်း နူနိုဆန်တို၊ အသင်းနည်းပြဟောင်း ဘီလစ်တို့နဲ့ ဆက်သွယ်မှု ပြုလုပ်ခဲ့တယ်လို့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။
နည်းပြ ဂရေဟမ်ပေါ်တာကို တွေ့ရစဉ်
ဝက်စ်ဟမ်းအသင်းပိုင်ရှင်ဒေးဗစ်ဆူလေဗန်ဟာ လာမယ့်ရက်သတ္တပတ်တွေမှာ အသင်းအကြီးအကဲတွေနဲ့တွေ့ဆုံပြီး နောက်ထပ်ခြေလှမ်းတွေအတွက် ဆွေးနွေးမှုတွေပြုလုပ်သွားဖို့ရှိနေတာပါ။
လန်ဒန်ကလပ်ဟာ ဂရေဟမ်ပေါ်တာရဲ့နေရာမှာ အစားထိုးဖို့ ရှာဖွေတာအဆင်မပြေမချင်း သူ့ကိုအသင်းမှာဆက်ပြီးထားဖို့ရှိနေပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ အသင်းမှာကစားခဲ့ဖူးပြီး ဘုန်းမောက်နဲ့ ဝုလ်ဗ်စ်အသင်းတွေကို ကိုင်တွယ်ခဲ့တဲ့ ဂယ်ရီအိုနေးလ်ကိုလည်း နည်းပြသစ်ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
ဝက်စ်ဟမ်းအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပွဲစဉ် ၅ ပွဲကစားအပြီးမှာ ၁ ပွဲသာအနိုင်ရကာ ၄ ပွဲအရေးနိမ့်ပြီး အမှတ်ပေးဇယားအဆင့် ၁၉ နေရာမှာ ရပ်တည်နေတာပါ။
ဒါ့အပြင် ဝက်စ်ဟမ်းအသင်းဟာ ဝုလ်ဗ်စ်အသင်းကို အရေးနိမ့်ပြီး ကာရာဘောင်းလိဂ်ဖလားပြိုင်ပွဲကနေ စောစီးစွာထွက်ခွာထားရပါတယ်။
ဝက်စ်ဟမ်းအသင်းပရိသတ်တွေဟာ အသင်းရဲ့ဆိုးရွားတဲ့ ရလဒ်တွေအတွက် အလွန်စိတ်ပျက်နေပြီး အပြောင်းအလဲပြုလုပ်ဖို့ တောင်းဆိုထားတာဖြစ်ပါတယ်။