CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀

ဝက်စ်ဟမ်းအသင်းဟာ အင်္ဂလန်တိုက်စစ်မှူး ဝီလ်ဆင်နဲ့ စာချုပ်အဆုံးသတ်မယ့် ဆွေးနွေးမှုတွေကို ရပ်ဆိုင်းခဲ့ ပြီးနောက် ဒီလထဲ အသင်းကနေ ထွက်ခွာမယ့် သူ့ရဲ့အစီအစဉ်တွေကို ပိတ်ပင်ခဲ့ပါတယ်။ 

နွေရာသီမှာ ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်ကုန်ဆုံးမယ့် ဝီလ်ဆင်ဟာ ဇန်နဝါရီ အပြောင်းအရွှေ့မှာ ထွက်ခွာဖို့ အသင်းနဲ့ အဆင့်မြင့် ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာပါ။

ဒါပေမယ့် ဝက်စ်ဟမ်းအသင်း ထိပ်တန်း အကြီးအကဲတစ်ဦးက ဒီဆွေးနွေးမှုထဲကို ဝင်ရောက်ခဲ့ပြီးနောက် ဝီလ်ဆင်ဟာ ရာသီကုန်အထိ လန်ဒန်ကလပ်မှာ ဆက်ပြီးရှိနေတော့မှာ ဖြစ်ပါတယ်။ 

ဝီလ်ဆင်ဟာ ဝက်စ်ဟမ်းအသင်းက စပါးအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲမှာ အသင်းအတွက် နောက်ဆုံးမိနစ်မှာ အနိုင်ဂိုး သွင်းယူခဲ့တာကြောင့် အသင်းဟာ သူ့ကို ဆက်ပြီး ရှိစေချင်နေတာပါ။ 

ဝီလ်ဆင်ကို တွေ့ရစဉ်

ပရီးမီးယားလိဂ်မှာ ဆက်ပြီးရှိနေအောင် တိုက်ပွဲဝင်တာမှာ သွင်းဂိုးတွေ လိုအပ်တာကြောင့် ဝီလ်ဆင်ကို ထွက်ခွာ ခွင့်ပေးတာဟာ အသင်းကို ရှုံးနိမ့်စေမယ်ဆိုပြီး ကလပ်အတွင်းပိုင်းက ဆုံးဖြတ်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့နွေရာသီမှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဝက်စ်ဟမ်းအသင်းထံ ရောက်ရှိလာခဲ့တဲ့ ဝီလ်ဆင်ဟာ အသင်း အတွက် ၁၉ ပွဲ ကစားထားပြီး ၅ ဂိုး သွင်းယူထားပါတယ်။ 

ဝက်စ်ဟမ်းအသင်းဟာ ဒီအပြောင်းအရွှေ့မှာ ဖီလစ်ပီနဲ့ ကာစတယ်လ်လာနိုစ်တို့ကို ခေါ်ယူထားတာကြောင့် ဝီလ်ဆင်ဟာ ပွဲကစားခွင့် အကန့်အသတ်နဲ့သာ ရဖို့ရှိနေတာပါ။ 

အဲ့ဒါကြောင့် ဝီလ်ဆင်ဟာ အခြားအသင်း တစ်သင်းထံ ပြောင်းရွှေ့နိုင်အောင် ဝက်စ်ဟမ်းအသင်းနဲ့ စာချုပ်အဆုံး သတ်ဖို့ ဆွေးနွေးခဲ့ပါတယ်။

ဒါပေမယ့် အခုအချိန်မှာတော့ ဒီဆွေးနွေးမှုတွေကို ရပ်ဆိုင်းခဲ့တဲ့အတွက် ဝီလ်ဆင်ဟာ နွေရာသီအထိ ဝက်စ်ဟမ်း အသင်းမှာ ဆက်ပြီးရှိနေတော့မှာ ဖြစ်ပါတယ်။

Source: BBC