CNI Sport News

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၂၀

ဘရာဇီးလ်တိုက်စစ်မှူး ဂျီးဆပ်စ်က သူဟာ လက်ရှိစာချုပ်ထက် ကျော်လွန်ပြီး အာဆင်နယ်အသင်းမှာ ဆက်နေ ချင်တယ်လို့ ပြောခဲ့ပေမယ့် အသင်းက သူ့ကို စာချုပ်သစ်အတွက် ချဉ်းကပ်မှု မရှိသေးဘူးလို့ ဝန်ခံခဲ့ပါတယ်။ 

ဂျီးဆပ်စ်က “ကျနော်ရဲ့ ပထမဆုံးပစ်မှတ်က ကျန်းမာနေဖို့ပါ။ ကျနော်ဟာ အာဆင်နယ်အသင်းမှာ ဒဏ်ရာတွေနဲ့ အချိန်ကုန်ခဲ့ရတာကြောင့် ကြံ့ခိုင်မှုပြည့်ဝအောင် ကြိုးစားနေသလို ရာသီကုန်အထိ ကျန်းမာနေဖို့လည်း ပစ်မှတ် ထားနေပါတယ်။ ကျနော့်ရဲ့ဆန္ဒက အာဆင်နယ်အသင်းမှာ ဆက်နေချင်ပြီး ယှဉ်ပြိုင်မှုကိုလည်း တိုးချဲ့ချင်ပါတယ်။ ကျနော်ဒီမှာ ဆက်နေချင်သလို အာဆင်နယ်အသင်းနဲ့ ဆုဖလားတွေ ရယူချင်ပါတယ်”လို့ သူ့ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီး မေးမြန်းမှုကို ပြောခဲ့တာပါ။ 

ဒူးဒဏ်ရာကြောင့် ၁၁ လကြာ အနားယူခဲ့ရတဲ့ ဂျီးဆပ်စ်ဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလမှာ အာဆင်နယ်အသင်းအတွက် ပြန်ပါဝင်ကစားနိုင်ခဲ့ပါတယ်။

ဂျီးဆပ်စ်ဟာ အာဆင်နယ်အသင်းမှာ ပွဲထွက်ခွင့် နေရာအတွက် ယိုကီရက်စ်၊ ကိုင်ဟာဗက်ဇ်တို့နဲ့ ယှဉ်ပြိုင်ရမှာပါ။ 

အဲ့ဒါကြောင့် ဂျီးဆပ်စ်ဟာ ဇန်နဝါရီအပြောင်းအရွှေ့မှာ အာဆင်နယ်အသင်းကနေ ထွက်ခွာနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ 

ဂျီးဆပ်စ်ကို တွေ့ရစဉ် 

ဒီသတင်းတွေကို အာဆင်နယ်အသင်းနည်းပြ အာတီတာနဲ့ တိုက်စစ်မှူး ဂျီးဆပ်စ်တို့ ၂ ဦးစလုံးက ငြင်းဆန်ခဲ့ပြီး ဂျီးဆပ်စ်ကတော့ အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ပါ ဆန္ဒရှိနေတာပါ။

ဂျီးဆပ်စ်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ စာချုပ်ဟာ ၂၀၂၇ ရာသီကုန်အထိ သက်တမ်းရှိနေတာ ဖြစ်ပါတယ်။ 

ဂျီးဆပ်စ်ဟာ ဒဏ်ရာကနေ ပြန်ကောင်းလာပြီးနောက်မှာ အာဆင်နယ်အသင်းအတွက် ၁၁ ပွဲ ပါဝင်ကစားထားပြီး ၁ ဂိုးသွင်းယူထားတာပါ။ 

စပို့တင်းလစ္စဘွန်းအသင်းကနေ ယူရို ၆၃.၅ သန်းနဲ့ ရောက်ရှိ လာပြီးကတည်းက အာဆင်နယ်အသင်းမှာ ခက်ခဲတဲ့ စတင်မှုနဲ့ကြုံတွေ့နေရတဲ့ အသင်းဖော် ယိုကီရက်စ်ဟာ ထိပ်တန်း တိုက်စစ်မှူးဖြစ်ပြီး အသင်းမှာ သွင်းဂိုး အများအပြား သွင်းယူနိုင်မယ့် နည်းလမ်းကို ရှာဖွေနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ ဂျီးဆပ်စ်က ပြောခဲ့ပါတယ်။ 

Source: ESPN