CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆

ဂျီးဆပ်စ်ကို အာဆင်နယ်အသင်း ခေါ်ယူမှုဟာ မန်စီးတီးက ဟာလန်းကို ခေါ်ယူမှုထက် ပိုပြီးကောင်းတယ်လို့ ပရီးမီးယားလိဂ် တိုက်စစ်မှူးဟောင်း အဘွန်လဟော်က ပြောလိုက်ပါတယ်။

အဘွန်လဟော်က “ ကျနော့်အတွက် အကောင်းဆုံးခေါ်ယူမှုက ဂါဘရီရယ်လ် ဂျီးဆပ်စ်ပါ။ ဟာလန်းက ထူးချွန်ပေမယ့် မန်စီးတီးအသင်းဟာ သူမပါရင်တောင် အမြဲတမ်း ကောင်းမွန်အောင် လုပ်နိုင်ခဲ့ပါတယ်။ ဟာလန်း မပါ ဘဲနဲ့ အလွန်ကောင်းမွန်တဲ့ ဂိုးတွေလည်း သွင်းနိုင်ပါတယ်။ ဂျီးဆပ်စ်ကတော့ အာဆင်နယ်ကို အခြားအရာတစ်ခု အဖြစ် ပြောင်းလဲလိုက်ပါတယ်။ အာဆင်နယ်က ပြိုင်ဘက် နောက်တန်းကို ဖိအားပေးတဲ့ အချိန်မှာ လုပ်အားနှုန်း ကောင်းတဲ့သူကို ရသွားခဲ့တာ”လို့ Talk Sport ကို ပြောခဲ့ပါတယ်။

ပြီးခဲ့တဲ့ အပြောင်းအရွှေ့က မန်စီးတီးကနေ ပေါင် ၄၅ သန်းနဲ့ ရောက်ရှိလာခဲ့တဲ့ ဂျီးဆပ်စ်ဟာ ပရီးမီးယားလိဂ် ၇ ပွဲ ကစားအပြီးမှာ အာဆင်နယ်အသင်းကို အမှတ်ပေးဇယား ထိပ်ဆုံးနေရာ ရောက်ရှိအောင် ကူညီပေးထားတာ ဖြစ်ပါတယ်။

ဂျီးဆပ်စ်နဲ့ဟာလန်းကိုတွေ့ရစဉ် (Football365)

အသက် ၂၅ နှစ်အရွယ် တိုက်စစ်မှူးဟာ အာဆင်နယ်အသင်းအတွက် ၄ ဂိုး သွင်းယူထားပြီး ၃ ဂိုး ဖန်တီးထား တာပါ။ ဟာလန်းကလည်း ပြီးခဲ့တဲ့ အပြောင်းအရွှေ့ကမှ ဒေ့ါမွန်ကနေ ပေါင် ၅၁ သန်းနဲ့ မန်စီးတီးအသင်းထံ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ လီဗာပူးလ်အသင်းကို အရေးနိမ့်ခဲ့တဲ့ ကွန်မြူနတီဒိုင်း ပွဲစဉ်ကလွဲပြီး အဲ့ဒီနောက်ပိုင်း ကစားခဲ့တဲ့ ပွဲတွေမှာ မန်စီးတီးအသင်းကို ရှုံးပွဲမရှိအောင် စွမ်းဆောင်ပေးထားတာပါ။

ပရီးမီးယားလိဂ် အမှတ်ပေးဇယား ဒုတိယနေရာမှာ ရှိနေတဲ့ မန်စီးတီးအတွက် ဟာလန်းဟာ လိဂ်ပြိုင်ပွဲမှာ ၁၁ ဂိုး သွင်းယူထားပြီး ၁ ဂိုး ဖန်တီးထားတာ ဖြစ်ပါတယ်။ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ၃ ဂိုး သွင်းယူထားတာကြောင့် ဟာလန်း ဟာ မန်စီးတီးအတွက် ၁၀ ပွဲ ကစားအပြီးမှာ ၁၄ ဂိုးအထိ ရယူထားတာပါ။

ဒါပေမယ့် အဘွန်လဟော်က ဂျီးဆပ်စ်ကိုသာ အကောင်းဆုံး ခေါ်ယူမှုလို့ သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ဂျီးဆပ်စ် ဟာ ဘရာဇီးလ်အသင်းရဲ့ နောက်ဆုံးလူစာရင်းမှာ ချန်လှပ်ခံခဲ့ရပေမယ့် ကမ္ဘာ့ဖလားဝင်ခွင့် လူစာရင်းမှာ ပါဝင်နိုင် ဖို့ အရာအားလုံး လုပ်ဆောင်သွားမယ်လို့ ပြောထားပါတယ်။

Source: Metro