CNI Sport News

၂၀၂၂ ခုနှစ်၊ စက်တင်ဘာ ၂၆

ဂျာမနီကစားသမားတွေအနေနဲ့ ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆု ရယူနိုင်ခဲ့မယ်ဆိုရင် တစ်ဦး ချင်းစီကို ယူရို ၄ သိန်းရရှိမှာ ဖြစ်ပါတယ်။

ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင်အသင်းနဲ့ ပြိုင်ပွဲအတွက် အပိုဆုကြေးတွေကို သဘောတူညီမှု ရရှိပြီးနောက် စက်တင်ဘာလ ၂၅ ရက်က ပြောခဲ့တာပါ။ ဂျာမနီဘောလုံးအဖွဲ့ချုပ်ဟာ လက်ရွေးစင် အသင်းရဲ့ ကိုယ်စားလှယ်တွေဖြစ်တဲ့ နူအာ၊ မူလာ၊ ကင်မစ်ချ်၊ ဂန်ဒိုဂန်တို့နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ် ခဲ့တာဖြစ်ပါတယ်။

“ကျနော်တို့ အပြင်းအထန်ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။တစ်နေ့တာရဲ့ အဆုံးမှာတော့ လူတိုင်း အတွက် လက်ခံနိုင်လောက်တဲ့ အဖြေတစ်ခုကို ကျနော်တို့ ရှာတွေ့ခဲ့ပါတယ်”လို့ ဂျာမန်ဘောလုံး အဖွဲ့ချုပ်ဥက္ကဋ္ဌ နူအန်ဒေ့ါဖ်က ပြောခဲ့တာပါ။

ဂျာမနီအသင်း အုပ်စုအဆင့်ကနေ လှည့်ပြန်ခဲ့ရတဲ့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ချန်ပီယံဖြစ်ခဲ့ရင် ယူရို ၃ သိန်း ၅ သောင်းပေးဖို့ သတ်မှတ်ခဲ့တာဖြစ်ပြီး အခုနှစ်မှာတော့ အပိုဆုကြေးတိုးမြှင့်လာခဲ့တာ ဖြစ်ပါတယ်။၂၀၁၄ က ဘရာဇီးလ်မှာ ကျင်းပခဲ့တဲ့ပြိုင်ပွဲမှာ ချန်ပီယံဖြစ်ခဲ့တုန်းက ဂျာမနီကစားသမားတွေ ဟာ တစ်ဦးချင်းစီကို ဆုကြေး ယူရို ၃ သိန်းရရှိခဲ့တာပါ။

၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အုပ်စုကနေ နောက်တစ်ဆင့်တက်နိုင်ခဲ့မယ်ဆိုရင် ကစားသမားတွေဟာ တစ်ဦးချင်းစီကို ယူရို ၅ သောင်း ရရှိမှာဖြစ်ပြီး နောက်ဆုံး ၈ သင်းအဆင့်ကို ရောက်ရှိခဲ့ရင် ယူရို ၁ သိန်းစီ ရရှိမှာ ဖြစ်ပါတယ်။ဂျာမနီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၁၈ ပြိုင်ပွဲက ရလဒ်ဆိုးတွေကို ချေဖျက်နိုင်ဖို့ စိတ်ဆန္ဒ ပြင်းထန်နေကြတာပါ။ဂျာမနီအသင်းဟာ အခုနှစ်ပြိုင်ပွဲရဲ့အုပ်စုအဆင့်မှာ စပိန်၊ ကော်စတာရီကာ၊ ဂျပန် တို့နဲ့ ကျရောက်နေတာ ဖြစ်ပါတယ်။

ဂျာမနီအသင်းအနေနဲ့ ဆီမီးဖိုင်နယ်အဆင့်ကို တက်နိုင်ခဲ့ရင် ယူရို ၁ သိန်း ၅ သောင်း၊ တတိယ ဆုရမယ် ဆိုရင် ယူရို ၂ သိန်း ရရှိမှာပါ။ဗိုလ်လုပွဲမှာ ရှုံးနိမ့်ခဲ့ရင်တော့ အပိုဆုကြေး ယူရို ၂ သိန်း ၅ သောင်း ရရှိမှာ ဖြစ်ပါတယ်။နိုဝင်ဘာလ ၂၀ ရက်မှာ စတင်မယ့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းဟာ အဖွင့်ပွဲစဉ် အဖြစ် ဂျပန်အသင်းနဲ့ နိုဝင်ဘာလ ၂၃ ရက်မှာ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source:ChannelNewsAsia