CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၄

စပိန်ကွင်းလယ်လူ ဂါဗီဟာ ဒူးခွဲစိတ်ကုသမှုခံယူခဲ့ပြီးနောက် ၅ လကြာအထိ အနားယူရဖွယ်ရှိတယ်လို့ ဘာစီလိုနာအသင်းက အတည်ပြုခဲ့ပါတယ်။ 

အသက် ၂၁ နှစ်အရွယ်ရှိ ဂါဗီဟာ ၂၀၂၃ ခုနှစ်ကုန်ပိုင်းက အရွတ်ဆုတ်ပြဲဒဏ်ရာကြောင့် တစ်နှစ်နီးပါးကြာ အနားယူခဲ့ရဖူးတာပါ။ 

အခုအချိန်မှာလည်း ဂါဗီရဲ့ညာဘက်ဒူးဒဏ်ရာဟာ ထင်ထားတာထက် ပိုပြီးဆိုးရွားနေတာကြောင့် ထပ်ပြီးအနားယူရဦးမှာဖြစ်ပါတယ်။ 

ဂါဗီဟာ လွန်ခဲ့တဲ့တစ်နှစ်ကျော်ကမှ ဘာစီလိုနာအသင်းအတွက် ပြန်ကစားနိုင်ခဲ့ပေမယ့် ဒဏ်ရာကြောင့် သြဂုတ်ကတည်းက အနားယူနေခဲ့ရတာပါ။ 

ဂါဗီဟာ စပိန်လက်ရွေးစင်အသင်းနဲ့ ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်နေတာကြောင့် သူ့ရဲ့ကြံ့ခိုင်မှုအကောင်းဆုံးဖြစ်အောင် ကြိုးပမ်းရတော့မှာဖြစ်ပါတယ်။ 

စပိန်ကွင်းလယ်လူ ဂါဗီကို တွေ့ရစဉ်

ဘာစီလိုနာအသင်းနည်းပြဟန်ဆီဖလစ်နဲ့ အသင်းဖော်တွေက သူတို့ရဲ့ဆိုရှယ်မီဒီယာကနေ ဂါဗီအမြန်ဆုံးပြန်ကောင်းမွန်လာဖို့ စာရေးသားပြီး အားပေးမှုတွေပြုလုပ်ခဲ့ကြပါတယ်။ 

ဂါဗီဟာ ၂၀၂၁ ခုနှစ်မှာ ဘာစီလိုနာအသင်းကြီးအတွက် စတင်ပွဲထွက်ခွင့်ရခဲ့ပြီး ပြိုင်ပွဲစုံ ၁၁၅ ပွဲပါဝင်ကစားထားကာ ၁၀ ဂိုးသွင်းယူထားပါတယ်။ 

ဘာစီလိုနာအသင်းနဲ့အတူ လာလီဂါဖလား ၂ ကြိမ်၊ကိုပါဒယ်ရေးနဲ့ စပိန်စူပါဖလားတို့ကို ရယူထားနိုင်ခဲ့တဲ့ ဂါဗီဟာ ဒီရာသီမှာ အသင်းအတွက် ၂ ပွဲပါဝင်ကစားထားပြီး ဒီနှစ်ထဲမှာ စပိန်လက်ရွေးစင်အသင်းအတွက် ၁ ပွဲပါဝင်ကစားထားတာပါ။ 

ဂါဗီဟာ ဒဏ်ရာကြောင့် စပိန်အသင်းချန်ပီယံဖြစ်ခဲ့တဲ့ ယူရို ၂၀၂၄ ပြိုင်ပွဲမှာ မပါဝင်နိုင်ခဲ့ပေမယ့် နိုင်ငံအသင်းအတွက် ၂၈ ပွဲကစားထားပြီး ၅ ဂိုးသွင်းယူကာ ၂၀၂၃ နေးရှင်းလိဂ်ဖလားရရှိထားတာဖြစ်ပါတယ်။