CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၅
အာဆင်နယ်အသင်းက ပေါ့ဗေးလ်အသင်းကို ၂ ဂိုး-ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ကာရာဘောင်းလိဂ်ဖလား တတိယအဆင့် ပွဲစဉ်မှာ အာဆင်နယ်အသင်းကစားသမားဘ၀ ပထမဆုံးသွင်းဂိုးကိုသွင်းယူနိုင်ခဲ့တဲ့ အီဇီက ထူးခြားတဲ့ အခိုက်အတန့်လို့ ပြောခဲ့ပါတယ်။
အီဇီက “အာဆင်နယ်အတွက် ပထမဆုံးသွင်းဂိုးရယူနိုင်ခဲ့တာဟာ ထူးခြားတဲ့အခိုက်အတန့်ဖြစ်ပြီး နိုင်ပွဲလည်း ရယူနိုင်ခဲ့ပါတယ်။ နောက်တစ်ဆင့်တက်ဖို့က ပိုအရေးကြီးပြီး ဒါက အဓိကအရာပါ။ ဂိုးဧရိယာထဲမှာ နေရာလွတ် တစ်ခုကို ရှာတွေ့ခဲ့တာကြောင့် အကောင်းဆုံး အဆုံးသတ်ခဲ့ပြီး ကံကောင်းခဲ့ပါတယ်။ နောက်ထပ်သွင်းဂိုးတွေ ထပ်ပြီးသွင်းယူနိုင်ဖို့ကြိုးစားသွားမယ်” လို့ ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က ခရစ္စတယ်ပဲလေ့စ်အသင်းကနေ ပေါင်သန်း ၆၀ နဲ့ ပြောင်းရွှေ့လာခဲ့တဲ့ အီဇီဟာ အာဆင်နယ်အသင်းအတွက် ၅ ပွဲပါဝင်ကစားအပြီးမှာ ပထမဆုံးသွင်းဂိုးကို သွင်းယူနိုင်ခဲ့တာပါ။
ကစားသမားအီဇီကို တွေ့ရစဉ်
အာဆင်နယ်အသင်းနည်းပြအာတီတာက အီဇီဟာ အသင်းရဲ့တိုက်စစ်ကစားပုံကို ပိုပြီးကောင်းအောင် လုပ်ပေးဖို့အတွက် အသင်းကို ပေးစရာတွေအများကြီးရှိသေးတယ်လို့ ပြောခဲ့ပါတယ်။
အီဇီဟာ အာဆင်နယ်အသင်းအတွက် ပါဝင်ကစားထားတဲ့ ၅ ပွဲမှာ တိုက်စစ်ရဲ့မတူညီတဲ့နေရာတွေမှာ ကစားထားရတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းနည်းပြအာတီဟာ ပေါ့ဗေးလ်အသင်းနဲ့ပွဲစဉ်မှာ ဂိုးသမားကယ်ပါကို ပွဲဦးထွက်အဖြစ် အသုံးပြုခဲ့ပြီး နော်ဂတ်ကိုလည်း ပွဲထွက်လူစာရင်းထဲထည့်သွင်းခဲ့ကာ ဆာကာကို တစ်နာရီကြာပါဝင် ကစားစေခဲ့တာပါ။
အာဆင်နယ်အသင်းနည်းပြအာတီတာက ဒီပွဲမှာ ဘယ်သူ့မှထိခိုက်ဒဏ်ရာမရရှိခဲ့တာက ကောင်းမွန်တဲ့ အချက်လို့ ပြောခဲ့ပါတယ်။
အာဆင်နယ်အသင်းဟာ ကာရာဘောင်းဖလားစတုတ္ထအဆင့်မှာ ဘရိုက်တန်အသင်းနဲ့ တွေ့ဆုံရမှာပါ။
လန်ဒန်ကလပ်ဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းအိမ်ကွင်း သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။