CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၅

အက်သလက်တီကိုအသင်းက ဗယ်လက်ကာနိုအသင်းကို ၃ ဂိုး-၂ ဂိုးနဲ့အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်မှာ ဟက်ထရစ်သွင်းခဲ့တဲ့ တိုက်စစ်မှူးအယ်လ်ဗာရက်ဇ်ကို အသင်းရဲ့အကောင်းဆုံးကစားသမားအဖြစ် နည်းပြဆီမြွန်နီက ချီးကျူးမှုပြုလုပ်ခဲ့ပါတယ်။ 

ဆီမြွန်နီက “အယ်လ်ဗာရက်ဇ်က အလွန်ကောင်းပြီး သူဟာ ကျနော်တို့ရဲ့အကောင်းဆုံးကစားသမားပါ။ ကျနော်တို့ သူ့ကို ပိုပြီးကောင်းအောင်ကူညီပေးရမှာဖြစ်ပြီး သူ့ကို ဒီမှာနှစ်ပေါင်းများစွာပိုင်ဆိုင်ထားဖို့လိုအပ်ပါတယ်။ သူဟာ ကျနော်တို့ကို ခြားနားမှုဖြစ်အောင် ပြုလုပ်ပေးနိုင်တဲ့ ကစားသမားပါ” လို့ ESPN ကို ပြောခဲ့တာပါ။ 

ဒီပွဲမှာ အက်သလက်တီကိုအသင်းဟာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမယ့် ဗယ်လက်ကာနိုအသင်းကို ချေပဂိုးနဲ့ ဦးဆောင်ဂိုးပြန်ပေးခဲ့ရတာကြောင့် အနောက်ကနေလိုက်ကစားခဲ့ရပြီး မိနစ် ၈၀ ကျော်မှာ ချေပဂိုးနဲ့ အနိုင်ဂိုးတွေသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ 

အက်သလက်တီကိုအသင်းဟာ ဒီနိုင်ပွဲကြောင့် ဒီရာသီလာလီဂါပွဲစဉ် ၆ ပွဲကစားအပြီးမှာ ဒုတိယမြောက်နိုင်ပွဲရရှိခဲ့တာပါ။ 

တိုက်စစ်မှူးအယ်လ်ဗာရက်ဇ်ကို တွေ့ရစဉ်

အယ်လ်ဗာရက်ဇ်ဟာ ဗယ်လက်ကာနိုအသင်းနဲ့ပွဲစဉ်မတိုင်မီ ဒီရာသီလာလီဂါပြိုင်ပွဲမှာ ၁ ဂိုးသာသွင်းယူထားနိုင်ပြီး မာယော့ကာအသင်းနဲ့ ၁ ဂိုးစီသရေကျခဲ့တဲ့ပွဲစဉ်မှာ လူစားလဲခံရချိန် စိတ်ပျက်နေခဲ့တာဖြစ်ပါတယ်။ 

၂၀၂၄ ခုနှစ်နွေရာသီက မန်စီးတီးအသင်းကနေ ပြောင်းရွှေ့လာခဲ့တဲ့ အယ်လ်ဗာရက်ဇ်က သူဟာအရာအားလုံးအဆင်ပြေပြီး ဆိုရှယ်မီဒီယာတွေပေါ်က အရာတွေကို အာရုံစိုက်နေမှာမဟုတ်ဘူးလို့ ပြောခဲ့ပါတယ်။ 

အက်သလက်တီကိုအသင်းဟာ လာမယ့်လာလီဂါပွဲစဉ်အဖြစ် ရီးရယ်လ်အသင်းနဲ့ မက်ဒရစ်ဒါဘီပွဲစဉ်ယှဉ်ပြိုင်ရမှာပါ။ 

ရီးရယ်လ်အသင်းဟာ ဒီရာသီလာလီဂါပွဲစဉ် ၆ ပွဲစလုံးရာနှုန်းပြည့်နိုင်ပွဲရရှိထားတာဖြစ်ပြီး အက်သလက်တီကိုအသင်းကို ၉ မှတ်အသာရရှိထားပါတယ်။ 

အက်သလက်တီကိုအသင်းနည်းပြဆီမြွန်နီက ရီးရယ်လ်အသင်းဟာ ပြီးခဲ့တဲ့ရာသီကထက် ပိုကောင်းလာခဲ့ပေမယ့် ဒီပွဲအတွက် အကောင်းဆုံးပြင်ဆင်သွားမယ်လို့ ပြောခဲ့ပါတယ်။