CNI Sport News
၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၅
လီဗာပူးလ်အသင်းဟာ နည်းပြအာနီဆလော့ လက်ထက်မှာ အကောင်းဆုံးပုံစံတွေ ပြသနေတဲ့ ဒတ်ချ်ကွင်းလယ်လူ ဂရာဗန်ဘာ့ချ်ကို အသင်းမှာ ကာလရှည်ကြာရှိမယ့် စာချုပ်သစ်ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
GiveMeSport က လီဗာပူးလ်အသင်းဟာ လာမယ့်ဆောင်းရာသီမှာ ဂရာဗန်ဘာ့ချ်နဲ့ စာချုပ်သစ်အတွက် ဆွေးနွေးမှုတွေစတင်ဖို့ စီစဉ်ထားတယ်လို့ ဖော်ပြထားပါတယ်။
လီဗာပူးလ်အသင်းဟာ အသင်းခေါင်းဆောင်ဗန်ဒိုက်၊ တောင်ပံကစားသမားတွေဖြစ်တဲ့ ဆာလက်နဲ့ ဂတ်ပိုတို့ကို စာချုပ်သစ်ချုပ်ခဲ့ပြီးနောက် ဂရာဗန်ဘာ့ချ်ကို စာချုပ်သစ်ချုပ်နိုင်ဖို့ လုပ်ဆောင်လာခဲ့တာပါ။
၂၀၂၃ နွေရာသီအပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်အသင်းကနေ ၅ နှစ်စာချုပ်နဲ့ လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ခဲ့တဲ့ ဂရာဗန်ဘာချ့်ဟာ နည်းပြအာနီဆလော့လက်ထက် မနှစ်ကရာသီပရီးမီးယားလိဂ်ဖလား ရယူနိုင်ခဲ့တာမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။
ဂရာဗန်ဘာ့ချ်ဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လီဗာပူးလ်အသင်းရာနှုန်းပြည့်နိုင်ပွဲရရှိအောင် ကူညီပေးထားနိုင်ပြီး သွင်းဂိုး ၂ ဂိုးသွင်းယူထားတာပါ။
ဂရာဗန်ဘာချ့်ကို တွေ့ရစဉ်
လီဗာပူးလ်အသင်းမှာ တစ်ပတ်လုပ်ခပေါင် ၁၀၀,၀၀၀ ကျော်ရရှိနေတဲ့ ဂရာဗန်ဘာ့ချ်ဟာ စာချုပ်သစ်ချုပ်ခဲ့ရင် ဒီပမာဏထက် ပိုမိုများပြားတဲ့ လစာရရှိမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့အကောင်းဆုံးလူငယ်ကစားသမားဆုကို ရရှိခဲ့တဲ့ ဂရာဗန်ဘာ့ချ်ဟာ လီဗာပူးလ်အသင်းရဲ့စာချုပ်သစ်ကမ်းလှမ်းမှုကို စဉ်းစားဖွယ်ရှိနေတာပါ။
အသက် ၂၃ နှစ်အရွယ်ရှိ ဂရာဗန်ဘာ့ချ်ဟာ လီဗာပူးလ်အသင်းအတွက် ၉၂ ပွဲကစားထားပြီး ၆ ဂိုးသွင်းယူကာ ပရီးမီးယားလိဂ်နဲ့ ကာရာဘောင်းဖလားတစ်ကြိမ်စီ ရရှိထားပါတယ်။
လီဗာပူးလ်အသင်းဟာ လာမယ့်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒီပွဲပြီးရင် ဂါလာတာစာရေးအသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။