၂၀၂၃ စက်တင်ဘာ ၁

CNI Sport News

လီဗာပူးလ်အသင်းဟာ ဘိုင်ယန်မြူးနစ်အသင်းရဲ့ ကွင်းလယ်ကစားသမား ဂရာဗန်ဘတ်ချ်ကို ယူရိုသန်း ၄၀ နဲ့ ခေါ်ယူဖို့ သဘောတူညီမှုရရှိသွားပြီဖြစ်ပါတယ်။

အသက် ၂၁ နှစ်အရွယ်ရှိ နယ်သာလန်ကစားသမားဟာ ပြီးခဲ့တဲ့နှစ်ကမှ အေဂျတ်စ်အသင်းကနေ ဘိုင်ယန် မြူးနစ်အသင်းထံ ပြောင်းရွှေ့လာခဲ့ပေမယ့် ပွဲကစားခွင့်ရဖို့ ရုန်းကန်ခဲ့ရတာပါ။ 
ဂရာဗန်ဘတ်ချ်ဟာ အခုနှစ် ဘောလုံးရာသီမှာလည်း ဘိုင်ယန်မြူးနစ်အသင်းအတွက် လူစားဝင်ကစားသမားအဖြစ် ၁ ပွဲသာ ပါဝင် ကစား ခဲ့ရတာဖြစ်ပါတယ်။ လီဗာပူးလ်အသင်းဟာ နွေရာသီအပြောင်းအရွှေ့ကာလတစ်လျှောက် ဂရာဗန်ဘတ်ချ်ကို ချိတ်ဆက်ခဲ့ပြီး အပြောင်းအရွှေ့နောက်ဆုံးနေ့မှ ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ အခုနှစ်ဘောလုံးရာသီမှာ အဓိက ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ ဟန်ဒါဆန်၊ ဖာဘင်ဟို၊ မီလ်နာ၊ကီတာနဲ့ ချိန်ဘာလိန်တို့ အသင်းကနေ ထွက်ခွာသွားပြီးနောက် ကွင်းလယ်ပိုင်းကို ဖြည့်တင်းနိုင်ဖို့အတွက် အဓိကထားလုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကြောင့် အန်ဖီးလ်ကလပ်ဟာ အခု နွေရာသီ အပြောင်းအရွှေ့မှာ ကွင်းလယ်ကစားသမားတွေဖြစ်တဲ့ မက်အယ်လစ္စတာ၊ ဆိုဘော့စ်လိုင်းနဲ့ အန်ဒိုတို့ကို ခေါ်ယူခဲ့တာပါ။

ဂရာဗန်ဘတ်ချ်ဟာ အေဂျတ်စ်အကယ်ဒမီကနေ ထွက်ပေါ်လာတာဖြစ်ပြီး ၂၀၁၈ ခုနှစ်၊ စက်တင်ဘာလက PSV အသင်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်မှာ ပွဲဦးထွက်အဖြစ် ပါဝင်ခဲ့ပါတယ်။ နယ်သာလန်ကစားသမားဟာ ပြီးခဲ့တဲ့နှစ်က ဘိုင်ယန်မြူးနစ်အသင်းထံ မပြောင်းရွှေ့ခင် အေဂျတ်စ်အသင်းအတွက် ၁၀၃ ပွဲကစားခဲ့ပြီး ၁၂ ဂိုးသွင်းယူကာ ဆုဖလားအောင်မြင်မှုတွေ အများအပြားရယူနိုင်ခဲ့ပါတယ်။ ဂရာဗန်ဘတ်ချ်ဟာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၃၄ ပွဲကစားခဲ့ပြီး ၁ ဂိုးသွင်းယူနိုင်ခဲ့တာပါ။

လီဗာပူးလ်အသင်းဟာ အခုနှစ် ပရီးမီးယားလိဂ်ပြိုင်ပွဲ ၃ ပွဲကစားအပြီးမှာ ရမှတ် ၇ မှတ်နဲ့ အဆင့် ၄ နေရာမှာ ရပ်တည်နေပြီး ပွဲစဉ် ၄ အဖြစ် အက်စတွန်ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:BBC