CNI Sport News

၂၀၂၅ ခုနှစ်၊ စက်တင်ဘာ ၂၆

ဘိုင်ယန်မြူးနစ်အသင်းဟာ နည်းပြကွန်ပနီရဲ့အစီအစဉ်မှာ ပါဝင်ခြင်းမရှိတဲ့ ပေါ်တူဂီကွင်းလယ်လူ ပယ်လ်ဟင်ညာကို စပါးအသင်း အပြီးသတ်ခေါ်ယူနိုင်ဖို့ မျှော်လင့်နေပါတယ်။ 

ပယ်လ်ဟင်ညာဟာ ကြီးမားတဲ့မျှော်လင့်ချက်နဲ့ ဖူလ်ဟမ်အသင်းကနေ ဘိုင်ယန်မြူးနစ်အသင်းထံ ရောက်ရှိလာခဲ့ပေမယ့် နည်းပြကွန်ပနီလက်အောက်မှာ ပွဲကစားခွင့်ရနိုင်ဖို့ရုန်းကန်ခဲ့ရတာပါ။

အဲ့ဒါကြောင့် ပယ်လ်ဟင်ညာဟာ ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့မှာ စပါးအသင်းထံ ရာသီကုန်အထိ အငှားစာချုပ်နဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ရာသီက ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂၅ ပွဲသာပါဝင်ကစားခဲ့ရတဲ့ ပယ်လ်ဟင်ညာဟာ ဒီရာသီမှာ စပါးအသင်းအတွက် ၈ ပွဲပါဝင်ကစားထားပြီး ၂ ဂိုးသွင်းယူထားပါတယ်။ 

ပယ်လ်ဟင်ညာရဲ့အငှားစာချုပ်ထဲမှာ ပေါင် ၂၇ သန်းနဲ့ အပြီးသတ်ဝယ်ယူဖို့ ရွေးချယ်ခွင့်ပါဝင်တာကြောင့် စပါးအသင်းဟာ သူ့ကို အပြီးသတ်ခေါ်ယူဖို့ ဆန္ဒရှိနေတာပါ။ 

 ပေါ်တူဂီကွင်းလယ်လူ ပယ်လ်ဟင်ညာကို တွေ့ရစဉ်

စပါးအသင်းဟာ အစောပိုင်းက ပယ်လ်ဟင်ညာကို အပြီးသတ်ခေါ်ယူဖို့နဲ့ ပတ်သက်ပြီး ရာသီကုန်မှသာ ဆုံးဖြတ်ဖို့ စီစဉ်ခဲ့ပါတယ်။ 

ဒါပေမယ့် TBR Football က စပါးအသင်းဟာ ပယ်လ်ဟင်ညာကို အပြီးသတ်ဝယ်ယူဖို့အတွက် ဇန်နဝါရီမှာ ပြုလုပ်လာနိုင်ပြီး ဆောင်းရာသီအပြောင်းအရွှေ့မှာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးဖို့ပြင်ဆင်နေတယ်လို့ ဖော်ပြထားပါတယ်။ 

ပယ်လ်ဟင်ညာဟာ ဘိုင်ယန်မြူးနစ်အသင်းမှာ အပယ်ခံကစားသမားဖြစ်ခဲ့ပေမယ့် စပါးအသင်းမှာ အဓိက ကစားသမားဖြစ်လာတဲ့အထိ သူ့ရဲ့တန်ဖိုးကို သက်သေပြသနိုင်ခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းဟာ ပယ်လ်ဟင်ညာကို စပါးအသင်းထံ အပြီးသတ်ရောင်းချချင်နေတာကြောင့် မကြာမီမှာ အပြောင်းအရွှေ့အပြီးသတ်နိုင်ဖို့ ၂ သင်းစလုံးဆန္ဒရှိနေပါတယ်။ 

စပါးအသင်းဟာ ဒီရာသီပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အမှတ်ပေးဇယားအဆင့် ၃ နေရာရပ်တည်နေပြီး လာမယ့်ပွဲစဉ်အဖြစ် ဝုလ်ဗ်စ်အသင်းကို အိမ်ကွင်းလက်ခံယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။