CNI Sport News

၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၁၈

ဘိုင်ယန်မြူးနစ်အသင်းတိုက်စစ်မှူး ဟာရီကိန်းဟာ စတုဂတ်အသင်းကို အနိုင်ရခဲ့တဲ့ပွဲမှာ ဂိုးသွင်းယူပြီးနောက် ဘွန်ဒစ်လီဂါသွင်းဂိုး ၂၀ အမြန်ဆုံးပြည့်တဲ့ကစားသမားအဖြစ် စံချိန်သစ်တင်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ ဘိုင်ယန်မြူးနစ်အသင်းက စတုဂတ်အသင်းကို ၃ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာဖြစ်ပြီး အသင်းအတွက် ဂိုးတွေကို ဟာရီကိန်းက ၂ ဂိုးနဲ့ ကင်မင်ဂျေးက ၁ ဂိုးသွင်းယူခဲ့တာပါ။ ဟာရီကိန်းဟာ ဘွန်ဒစ်လီဂါပွဲစဉ် ၁၄ ပွဲသာကစားရပြီးချိန်မှာ သွင်းဂိုး ၂၀ ပြည့်သွားခဲ့တာဖြစ်ပြီး ဟမ်းဘတ်ဂန္ထဝင် အူဝီဆီလာနဲ့ ဒေါ့မွန်အသင်း တိုက်စစ်မှူးဟောင်း ဟာလန်းတို့ရဲ့ စံချိန်ကို ချိုးဖျက်ပြီး စံချိန်သစ်တင်နိုင်ခဲ့တာဖြစ်ပါတယ်။ အူဝီဆီလာဟာ ၁၉၆၃-၆၄ ရာသီက ဘွန်ဒစ်လီဂါပွဲပေါင်း၂၁ ပွဲကစားအပြီးမှာ သွင်းဂိုး ၂၀ ရခဲ့တာဖြစ်ပြီး ဟာလန်းကတော့ ၂၀၂၀ ခုနှစ်က ၂၂ ပွဲကစားအပြီးမှာ သွင်းဂိုး ၂၀ သွင်းယူနိုင်ခဲ့တာပါ။ 

ဘိုင်ယန်မြူးနစ်အသင်းကို တွေ့ရစဉ်

ဟာရီကိန်းက “ဒီပွဲက ဒီရာသီမှာ ကျနော်တို့ရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ကျနော် တို့ဟာ ပွဲကိုကြီးစိုးချင်တာပါ။ စတုဂတ်အသင်းက အန္ထရာယ်ရှိတယ်ဆိုတာသိတဲ့အတွက် ကျနော်တို့ အခွင့်အရေး အနည်းပဲ ပေးခဲ့တာပါ။ ၂ ဂိုးသွင်းပြီး အသင်းကို အကူအညီပေးနိုင်ခဲ့တာက အလွန်ကောင်းမွန်ပါတယ်”လို့ ပြောခဲ့ ပါတယ်။

အသက် ၃၀ နှစ်အရွယ်ရှိ ဟာရီကိန်းဟာ ဒီရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် ၂၁ ပွဲ ပါဝင်ကစားထားပြီး ၂၄ ဂိုးသွင်းယူကာ ၈ ဂိုးဖန်တီးထားတာပါ။ ဘိုင်ယန်မြူးနစ်အသင်းဟာ စတုဂတ်အသင်းကို အနိုင်ရရှိခဲ့ပေမယ့် ထိပ်ဆုံးနေရာက လေဗာကူဆင်အသင်းနဲ့ ၄ မှတ်အကွာ အဆင့် ၂ နေရာမှာရပ်တည်နေတာပါ။ 

လေဗာကူဆင်အသင်းကတော့ ဒီရာသီပြိုင်ပွဲစုံ ၂၄ ပွဲစလုံးရှုံးပွဲမရှိသေးဘဲ အကောင်းဆုံးပုံစံနဲ့ ရှေ့ဆက်ပြီး ဘိုင်ယန်မြူးနစ်အသင်းကို ဘွန်ဒစ်လီဂါချန်ပီယံဆုအတွက် စိန်ခေါ်နေတာဖြစ်ပါတယ်။

ဘိုင်ယန်မြူးနစ်အသင်းဟာ ဒီတစ်ပတ်ဘွန်ဒစ်လီဂါပွဲစဉ်အဖြစ် ဝုလ်ဖ်ဘတ်အသင်းနဲ့ အဝေးကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရမယ်လို့ သိရပါတယ်။

Source:BBC