CNI Sport News

၂၀၂၃ ခုနှစ်၊ စက်တင်ဘာ ၂၂

စပါးအသင်းဟာ အသင်းခေါင်းဆောင် ဆွန်ဟောင်မင်နဲ့ ချုပ်ဆိုထားတဲ့ စာချုပ်ထဲမှာပါဝင်တဲ့ ၁ နှစ် သက်တမ်းတိုး မယ့် အချက်ကို အသက်သွင်းဖို့ စဉ်းစားနေတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြထားပါတယ်။ 

စပါးအသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့က စာချုပ်သက်တမ်း ၁၂ လသာ ကျန်ရှိတော့တဲ့ ဟာရီကိန်းကို ရောင်းချဖို့ တွန်းအားပေးခံခဲ့ရပြီး ဆုံးရှုံးခဲ့ရတဲ့ ဖြစ်ရပ်မျိုးကို ထပ်ပြီးမဖြစ်အောင် ရှောင်ရှားနိုင်ဖို့ လုပ်ဆောင်နေ တာပါ။ 

အဲ့ဒါကြောင့် စပါးအသင်းဟာ ၂၀၂၅ ခုနှစ်မှာ သက်တမ်းကုန်ဆုံးမယ့် ဆွန်ဟောင်မင်ရဲ့ စာချုပ်ကို နောက်ထပ် တစ်နှစ် ထပ်ပြီး သက်တမ်းတိုးဖို့ စိတ်အားထက်သန်နေတာ ဖြစ်ပါတယ်။ 

စပါးအသင်းဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်းမှာ ခြေစွမ်းပြသနေတဲ့ ဆွန်ဟောင်မင်ကို အဆုံးရှုံး မခံချင်တာကြောင့် အသင်းခေါင်းဆောင် လက်ပတ်ကိုပါ ပေးထားခဲ့တာပါ။

ဆွန်ဟောင်မင်နဲ့ နည်းပြကို တွေ့ရစဉ်
 
ဆွန်ဟောင်မင်ဟာ ဒီရာသီမှာ စပါးအသင်းအတွက် ဘန်လေအသင်းနဲ့ ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဟတ်ထရစ် ဂိုးသွင်းယူပေးထားပြီး အသင်းရလဒ်ကောင်းတွေ ရရှိအောင် ဦးဆောင်ပေးထား နိုင်ခဲ့ပါတယ်။ 

တောင်ကိုရီးယား ကစားသမားဟာ၂၀၁၅ ခုနှစ်က လေဗာကူဆင် အသင်းကနေ ပြောင်းရွှေ့လာပြီးကတည်းက စပါးအသင်းအတွက် ပြိုင်ပွဲစုံ ၃၇၇ ပွဲမှာ ၁၄၈ ဂိုးအထိ သွင်းယူထားပါတယ်။

ဆွန်ဟောင်မင်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ဂိုးသွင်း အများဆုံး ရွှေဖိနပ်ဆုရရှိတဲ့ ပထမဆုံး အာရှကစားသမား အဖြစ်လည်း စံချိန်တင်ထားပါတယ်။

စပါးအသင်းဟာ ဒီရာသီ နည်းပြ ပိုစတီကိုဂလူး လက်အောက်မှာ ကာရာဘောင်းဖလား ပြိုင်ပွဲကနေ စောစီးစွာ ထွက်ခွာခဲ့ရပေမယ့် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာတော့ ၅ ပွဲ ကစားအပြီး ရှုံးပွဲမရှိရမှတ် ၁၃ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတာပါ။ 

စပါးအသင်းဟာ စက်တင်ဘာ ၂၄ ရက်မှာ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: Daily Mail