CNI Sport News

၂၀၂၃ ခုနှစ်၊ ဇူလိုင် ၁၇

စပါးအသင်း တိုက်စစ်မှူး ဆွန်ဟောင်မင်ဟာ ဆော်ဒီလိဂ်ကို ပြောင်းဖို့အတွက် ကောင်းမွန်တဲ့ အခွင့်အရေးတွေ ရခဲ့ပေမယ့် ငြင်းပယ်ခဲ့တယ်လို့ ဝန်ခံခဲ့ပါတယ်။

ဆွန်ဟောင်မင်က “ကျနော် ဆော်ဒီကို သွားချင်တယ်ဆိုရင် ဒီနေရာမှာတောင် ရှိမှာမဟုတ်ပါဘူး။ ကျနော်ဟာ ဘောလုံး ကစားရတာကို နှစ်သက်ပါတယ်။ ငွေကြေးက အရေးကြီးတဲ့ အရာဖြစ်ပေမယ့် ကျနော့်ရဲ့ အိပ်မက်က ပရီးမီးယားလိဂ်မှာ ကစားဖို့ပါ။ အခုအချိန်မှာ လူအများစုက ဆော်ဒီကို သွားနေကြပြီး ဒါက တကယ်ကို စိတ်ဝင် စားဖို့ ကောင်းပါတယ်။ ဒါပေမယ့် ပရီးမီးယားလိဂ်မှာ ကစားချင်သေးတဲ့အတွက် ရာသီသစ်ကို စောင့်မျှော်နေပါ တယ်”လို့ အသင်းရဲ့ ရာသီကြိုခရီးစဉ်မှာ ပြောခဲ့တာပါ။

ဆော်ဒီလိဂ်ဟာ အခုနွေရာသီ အပြောင်းအရွှေ့မှာ ထိပ်တန်း ကစားသမား အများအပြားကို နိုင်ငံအတွင်း ခေါ်ဆောင်နိုင်ဖို့ လုပ်ဆောင်နေပြီး ဘန်ဇီမာ၊ ကန်တီ၊ ကူလီဘာလီ၊ ရူဘင်နာဗတ်စ် အစရှိတဲ့ ကစားသမား အများအပြားကို ခေါ်ယူနိုင်ခဲ့ပါတယ်။ 

ဆွန်ဟောင်မင်ကလည်း ဆော်ဒီလိဂ်မှာ ကစားနိုင်မယ့် အခွင့်အရေးရခဲ့ပြီး စပါးအသင်းမှာ ရရှိနေတဲ့ လုပ်ခလစာ ထက် အများကြီးပိုပြီးရရှိမယ့် ကမ်းလှမ်းမှုတွေ ရရှိခဲ့ပေမယ့် ပရီးမီးယားလိဂ်မှာပဲ ဆက်နေဖို့ ရွေးချယ်ခဲ့တာပါ။

ဆွန်ဟောင်မင်ကို တွေ့ရစဉ်

၂၀၁၅ ခုနှစ်က လေဗာကူဆင်ကနေ ရောက်ရှိလာခဲ့တဲ့ ဆွန်ဟောင်မင်ဟာ စပါးအသင်းအတွက် ၃၇၂ ပွဲ ပါဝင် ကစားပြီး ၁၄၅ ဂိုး သွင်းယူကာ အသင်းပရိသတ်တွေ နှစ်သက်တဲ့ ကစားသမားတစ်ဦးအဖြစ် ရှိနေခဲ့ပါတယ်။ 

တောင်ကိုရီးယား အသင်းခေါင်းဆောင်ဟာ ၂၀၂၁-၂၂ ရာသီက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ရွှေဖိနပ်ဆု ရယူနိုင်ခဲ့ပေ မယ့် မနှစ်က ရာသီမှာတော့ ပုံစံကောင်းတွေ ပျောက်ဆုံးခဲ့ပြီး အသင်းကလည်း ဥရောပဝင်ခွင့် ဆုံးရှုံးခဲ့ရတာပါ။

ဆွန်ဟောင်မင်ဟာ ပြီးခဲ့တဲ့ရာသီက ခြေစွမ်း မပြသနိုင်ခဲ့ပေမယ့် နည်းပြသစ် ပိုစတီကိုဂလူး လက်အောက်မှာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် ရှိနေကြောင်းကို ပြသဖို့ စိတ်ပိုင်းဖြတ်ထား တယ်လို့ ပြောခဲ့ပါတယ်။

ဆွန်ဟောင်မင်က “ပြီးခဲ့တဲ့ရာသီက ကျနော်ဟာ ရုပ်ပိုင်းဆိုင်ရာကို ခံစားခဲ့ရပြီး ရာသီသစ်မှာ ကျနော်ဟာ အားလုံး သိတဲ့ ဆွန်ဖြစ်ကြောင်းကို သက်သေပြ သွားချင်ပါတယ်”လို့ ပြောခဲ့ပါတယ်။

Source: Daily Mail