CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၈

စပါးအသင်း တောင်ပံကစားသမား ဆွန်ဟောင်မင်ဟာ ယူနိုက်တက်အသင်းနဲ့ ၂ ဂိုးစီ သရေကျခဲ့တဲ့ ပရီးမီးယား လိဂ်ပွဲမှာ အနိုင် ၃ မှတ် မရခဲ့တဲ့အတွက် မပျော်ရွှင်ဘူးလို့ ပြောခဲ့ပါတယ်။

ဆွန်ဟောင်မင်က “ကျနော်တို့ဟာ ပထမပိုင်းမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ဖို့ မထိုက်တန်ပါဘူး။ ဒါကို အလွန် ဒေါသ ထွက် ပါတယ်။ ပြီးခဲ့တဲ့အပတ်က အဖြစ်အပျက်ကို လက်မခံသလို ဒီလိုမျိုးလည်း ထပ်ပြီး အဖြစ် မခံနိုင်ပါဘူး။ ဒီနေ့မှာတော့ ကျနော်တို့ဟာ အလွန်ကောင်းမွန်တဲ့ စွမ်းအင်တွေကို ယူဆောင်လာချင်ပါတယ်။ ပရိသတ်တွေရဲ့ အားပေးမှုကို ကျနော် တန်ဖိုးထားပြီး သူတို့ဟာ ကျနော်တို့နဲ့ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ ယူနိုက်တက်နဲ့ပွဲမှာ ကျနော် တို့ဟာ အလွန်ကောင်းမွန်စွာ ကစားခဲ့ကြပြီး ဂိုးသွင်းဖို့လည်း အခွင့်အရေးတွေ ရခဲ့ပေမယ့် ဒါကို အရ မယူ နိုင်ခဲ့ပါ ဘူး။ ဒုတိယပိုင်းမှာ အလွန်ကောင်းမွန်တဲ့ စရိုက်လက္ခဏာတွေကို ပြသခဲ့ပေမယ့် ၃ မှတ် မရခဲ့လို့ မပျော်ရွှင်ဘူး” လို့ BT Sport ကို ပြောခဲ့တာပါ။


စပါးအသင်းဟာ ယူနိုက်တက်အသင်းနဲ့ ပွဲစဉ်မှာ ဆန်ချို၊ ရက်ရှ်ဖို့ဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ပထမပိုင်းမှာ ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့ပေမယ့် ဒုတိယပိုင်းမှာ ပေါ်ရိုနဲ့ ဆွန်ဟောင်မင်တို့က ချေပဂိုးတွေ ပြန်သွင်းပေးခဲ့လို့ ၂ ဂိုးစီ သရေရလဒ်နဲ့ ပွဲပြီးဆုံးခဲ့တာ ဖြစ်ပါတယ်။

စပါးနဲ့ ယူနိုက်တက် ယှဉ်ပြိုင်နေစဉ်

စပါးအသင်းဟာ ပြီးခဲ့တဲ့အပတ်က ကစားခဲ့တဲ့ပွဲစဉ်မှာ နယူးကာဆယ် အသင်းကို ၆ ဂိုး- ၁ ဂိုးနဲ့ ဂိုးပြတ် အရေးနိမ့် ပြီးနောက် ယာယီနည်းပြ စတယ်လီနီကို ထုတ်ပယ်ကာ ကစားသမားဟောင်း ရိုင်ယန်မေဆင်ကို ယာယီနည်းပြ အဖြစ် ပြန်လည် ခန့်အပ်ခဲ့တာပါ။

စပါးအသင်းကို ယာယီနည်းပြအဖြစ် ဒုတိယအကြိမ် ကိုင်တွယ်တဲ့ ရိုင်ယန်မေဆင် လက်ထက်မှာတော့ အသင်း ဟာ ရှုံးပွဲဆက်နေတာကို ရပ်တန့်ပြီး ၁ မှတ် ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ရိုင်ယန်မေဆင်က ယူနိုက်တက်နဲ့ ပွဲစဉ်က စပါးအသင်းရဲ့ စွမ်းဆောင်ရည်ကို ချီးကျူးခဲ့ပြီး သူ့မှာ တိုက်ပွဲဝင်ချင်တဲ့ အသင်းတစ်သင်း ရှိတယ်လို့ ပြောခဲ့တာပါ။

ရိုင်ယန်မေဆင်က “ကျနော် အလွန်ပျော်ပါတယ်။ ဒီပွဲမှာ ဒီထက်ပိုပြီး ဂိုးတွေ သွင်းယူနိုင်မယ်လို့ ကျနော် ထင်ခဲ့ တာပါ။ တုံ့ပြန်မှုက အသင်းအတွက် အရေးကြီးဆုံးပါပဲ။ ဘောလုံးမှာ အနိုင်၊ အရှုံးနဲ့ သရေဆိုတာ ရှိပေမယ့် အရေး ကြီးဆုံးက ကျနော်တို့ အချင်းချင်း စည်းစည်းလုံးလုံးနဲ့ စုပေါင်းပြီး အသင်းလိုက်လုပ်ဆောင်ဖို့ပါ။ ကျနော်တို့မှာ တိုက်ပွဲဝင်လိုတဲ့ အသင်းတစ်သင်း ရှိပါတယ်”လို့ ပြောခဲ့ပါတယ်။

စပါးအသင်းဟာ ဒီပွဲသရေ ရလဒ်ကြောင့် လီဗာပူးလ်၊ အက်စတွန်ဗီလာတို့ရဲ့ အထက် အဆင့် ၅ နေရာကို ပြန်လည် ရောက်ရှိလာခဲ့ပြီး အဆင့် ၄ နေရာက ယူနိုက်တက်အသင်းနဲ့ ၆ မှတ်ကွာဟနေတာပါ။

စပါးအသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် လီဗာပူးလ်အသင်း အိမ်ကွင်းမှာ သွားရောက် ယှဉ်ပြိုင်ရ မှာ ဖြစ်ပါတယ်။

Source: Daily Mail