CNI Sport News
၂၀၂၃ ခုနှစ်၊ ဧပြီ ၂၈
အဲဗာတန်အသင်းဟာ နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ အရေးနိမ့်ပြီး တန်းဆင်းဇုန်ထဲ ကျရောက်နေပေမယ့် ပရီးမီးယားလိဂ်မှာ ဆက်ပြီး ရှိနိုင်မယ်ဆိုတာ ယုံကြည်တယ်လို့ နည်းပြဖြစ်သူ ရှောင်ဒိုက်က ပြောခဲ့ပါတယ်။
ရှောင်ဒိုက်က “ကျနော်တို့ ပရီးမီးယားလိဂ်မှာ ဆက်ရှိအောင် လုပ်နိုင်မယ်လို့ ထင်ပါတယ်။ အာဆင်နယ်ကို အနိုင် ယူခဲ့တုန်းကလည်း ဒီလို အလားတူပါပဲ။ အဲဒါကြောင့် ကျနော်တို့ လုပ်လို့ရတဲ့ အထောက်အထားတွေ ရှိပါတယ်။
ပထမပိုင်းမှာ ကျနော်တို့ဟာ အလွန်ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေကို ရခဲ့ပါတယ်။ သွင်းဂိုးဟာ ပွဲတွေကို ပြောင်းလဲနိုင်ပါတယ်။ ရလဒ်တွေတင် မဟုတ်ဘဲ စွမ်းဆောင်ရည်ရဲ့ ခံစားချက်ကိုပါ အပြောင်းအလဲ ဖြစ်ပါတယ်။ ကျနော်တို့ဟာ စွမ်းဆောင်ရည် တစ်ခုလုံးကိုတော့ ပြောင်းလဲခွင့် မပြုနိုင်ပါဘူး”လို့ ပြောခဲ့တာပါ။
အဲဗာတန်အသင်းဟာ နယူးကာဆယ်အသင်းကို ၄ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တာကြောင့် တန်းဆင်းဇုန် အထက်က အသင်းနဲ့ ၂ မှတ်အကွာ အမှတ်ပေးဇယားအဆင့် ၁၉ နေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
အဲဗာတန်အသင်းဟာ နောက်ဆုံး ကစားခဲ့တဲ့ ၁၀ ပွဲမှာ ၁ ပွဲသာ အနိုင်ရထားတဲ့အထိ ရလဒ်တွေ ဆိုးနေပြီး ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားမယ့် အန္တရာယ်မှာ ကျရောက်နေတာပါ။
အဲဗာတန်နဲ့ နယူးကာဆယ်အသင်း ယှဉ်ပြိုင်နေစဉ်
အဲဗာတန်အသင်း နည်းပြအဖြစ် ဇန်နဝါရီလက လမ်းပတ်နေရာမှာ အစားထိုးဝင်ခဲ့တဲ့ ရှောင်ဒိုက်ဟာ ပွဲဦးထွက် ပွဲမှာ အာဆင်နယ်အသင်းကို အနိုင်ရအောင် ကိုင်တွယ်နိုင်ခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရလဒ်တွေ ဆိုးနေခဲ့တာ ဖြစ်ပါတယ်။
ရှောင်ဒိုက်က “ပြီးခဲ့တဲ့ ရက်သတ္တပတ်က ကျနော်တို့ လုပ်ခဲ့တဲ့ အမှားတွေကို ပြင်ရပါမယ်။ ကစားသမားတွေဘက် ကလည်း ဒါကို ပြောင်းလဲနိုင်ဖို့အတွက် လမ်းကြောင်းမှန်ပေါ် ရောက်အောင် ကြိုးစားနေပါတယ်။ အဲဗာတန်ရဲ့ အခြေအနေကို အများကြီး ပြုပြင်ပေးရမယ်ဆိုတာက ထင်ရှားပါတယ်။ ခင်ဗျားတို့ရဲ့ အကောင်းဆုံး ခံစစ်ပုံစံက မကြာခဏဆိုသလို တိုက်စစ်ဆင်တာပါ။ ဒါပေမယ့် ဒီလို အခိုက်တန့်မျိုးကို ကျနော်တို့ ရှာမတွေ့သေးပါဘူး”လို့ ပြောခဲ့တာပါ။
ဒီပွဲမှာ အဲဗာတန်အသင်း ပရိသတ်တွေဟာ ပွဲမစခင်မှာ အသင်းကို အကောင်းမွန်ဆုံး ကြိုဆိုမှုတွေ ပြုလုပ်ခဲ့ကြ ပေမယ့် အသင်းရဲ့ ဆိုးရွားတဲ့ ရလဒ်ကြောင့် ပရိသတ်တွေဟာ ပွဲမပြီးခင်မှာ ကွင်းထဲကနေ ထွက်ခွာသွားခဲ့ ကြပါတယ်။
ရှောင်ဒိုက်ကတော့ ပရိသတ်တွေဟာ ရာသီအကုန်ထိ သူတို့ကို ထောက်ခံ အားပေးမှုတွေ ပြုလုပ်သွားကြမှာပါလို့ ပြောခဲ့ပါတယ်။
အဲဗာတန်အသင်းဟာ အခုလာမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် တန်းဆင်းဇုန်အဆင့် ၁၈ နေရာမှာ ရှိနေတဲ့ လက်စတာအသင်းနဲ့ အဝေးကွင်းပွဲစဉ် ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
Source: BBC