CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈

ပေါင်ခြံဒဏ်ရာကြောင့် ဖေဖော်ဝါရီလကတည်းက ဘောလုံးပွဲတွေနဲ့ ဝေးကွာနေတဲ့ အဲဗာတန်အသင်း ကွင်းလယ်လူ ဒယ်လီအလီဟာ မြက်ခင်းပြင်မှာ လေ့ကျင့်မှုတွေ စတင်နေပြီလို့ နည်းပြ ရှောင်ဒိုက်က ပြောပါတယ်။

ရှောင်ဒိုက်က “ဒယ်လီအလီ ကောင်းမွန်နေပါပြီ။ ကြံ့ခိုင်မှုပိုင်း ပြန်လည် ရရှိနိုင်ဖို့အတွက် မြက်ခင်းပြင်မှာ ဘောလုံးနဲ့ ပတ်သက်တဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်။ ဒါပေမယ့် သူဟာ ကျနော်တို့နဲ့ ပူးပေါင်းနိုင်ဦးမှာ မဟုတ်သေးပါဘူး။ နောက်လာမယ့် အပတ်တွေမှာ တဖြည်းဖြည်းနဲ့ ပါဝင်လာနိုင်မယ်လို့ မျှော်လင့်ပါတယ်။ သူဟာ အနားယူတာကြာပြီဖြစ်လို့ လုပ်စရာ အနည်းငယ်ရှိနေသေးပြီး သူ့အတွက် ဂိမ်းအစီအစဉ်လိုပါတယ်”လို့ ပြောခဲ့ပါ တယ်။

ဒယ်လီအလီဟာ သူ့ရဲ့ငယ်စဉ်ဘဝက ဖြစ်ပျက်ခဲ့တဲ့ ဆိုးရွားတဲ့ အကြောင်းအရာတွေနဲ့ အိပ်ဆေးစွဲလန်းနေမှုကို နွေရာသီက ဖွင့်ဟခဲ့တာ ဖြစ်ပါတယ်။ 

အင်္ဂလန်ကစားသမားဟာ ပြီးခဲ့တဲ့ရာသီက တူရကီကလပ် ဘက်ဆီးတပ်စ် အသင်းမှာ အငှားနဲ့ သွားရောက် ကစား ပြီးနောက် အဲဗာတန်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။

ဒါပေမယ့် ဒယ်လီအလီဟာ ဒဏ်ရာကြောင့် အဲဗာတန်အသင်းအတွက် ဒီရာသီမှာ ပါဝင်ကစားနိုင်ခဲ့ခြင်း မရှိတာ ဖြစ်ပါတယ်။
ဒယ်လီအလီဟာ အဲဗာတန်အသင်းကို ၂၀၂၂ ခုနှစ်က စပါးအသင်းကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး ၁၃ ပွဲသာ ပါဝင်ကစားထားပါတယ်။

ပြီးခဲ့တဲ့ရာသီက ဘက်ဆီးတပ်စ်အသင်းမှာ အငှားသွားရောက် ကစားချိန်မှာတော့ ဒယ်လီအလီဟာ တူရကီ ကလပ်အတွက် ၁၅ ပွဲ ပါဝင်ကစားပြီး ၃ ဂိုး သွင်းယူနိုင်ခဲ့တာ ဖြစ်ပါတယ်။ 

အသက် ၂၇ နှစ်အရွယ်ရှိ ဒယ်လီအလီဟာ စပါးအသင်းမှာ သူ့ရဲ့ကစားသမားဘဝ အကောင်းဆုံးပုံစံ ရရှိခဲ့ပေမယ့် နောက်ပိုင်းမှာ ခြေစွမ်းကျဆင်းသွားခဲ့ပါတယ်။

အဲဗာတန်အသင်းကတော့ ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်ခဲ့တယ်ဆိုပြီး ပရီးမီးယားလိဂ်ရဲ့ ၁၀ မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခဲ့တဲ့အပေါ် ပြီးခဲ့တဲ့ရက်ပိုင်းက တရားဝင် အယူခံဝင်ထားတာ ဖြစ်ပါတယ်။

Source: Daily Mail