CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၇

မန်စီးတီးအသင်းဟာ ဗီလာအသင်းကို အရေးနိမ့်ပြီး ပရီးမီးယားလိဂ်မှာ ၄ ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့တာကြောင့် ရုန်းကန်နေရပြီလို့ နည်းပြ ဂွာဒီယိုလာက ဝန်ခံလိုက်ပါတယ်။

ဂွာဒီယိုလာက “ပိုကောင်းတဲ့အသင်းက အနိုင်ရရှိခဲ့ပါတယ်။ ဗီလာက ကျနော်တို့ထက် ပိုပြီးကောင်းပါတယ်။ သူတို့ဟာ နေရာစုံကို ထိန်းချုပ်ကစားနိုင်ခဲ့တာကြောင့် ခက်ခဲခဲ့ပြီး ကျနော်တို့ဒီလိုမျိုးမလုပ်နိုင်ခဲ့ပါဘူး။ အသင်းပြန်လာနိုင်ဖို့အတွက် နည်းလမ်းရှာဖွေဖို့က ကျနော့်တာဝန်နဲ့ ကျနော့်အလုပ်ပါ။ ကျနော်တို့ဟာ ရလဒ်ကောင်းတွေပြန်ရဖို့ အမြဲတမ်းနည်းလမ်း တွေ့ခဲ့ပေမယ့် အခုတော့ရုန်းကန်နေရပြီ”လို့ ပြောပါတယ်။ 

ပရီးမီးယားလိဂ် လက်ရှိ ချန်ပီယံ မန်စီးတီးအသင်းဟာ ရလဒ်ဆိုးတွေကြောင့် အဆင့် ၄ နေရာ ရောက်ရှိသွားခဲ့ပြီး အဆင့် ၁ နေရာက အာဆင်နယ်အသင်းနဲ့ ၆ မှတ် ကွာဟသွားခဲ့ပြီဖြစ်ပါတယ်။ 

မန်စီးတီးအသင်းဟာ ကွင်းလယ်လူ ရိုဒရီ မပါဝင် နိုင်တဲ့ပွဲတွေမှာ ရလဒ်ဆိုးနေတဲ့ အစဉ်အလာကို ဆက်ထိန်းသိမ်းနိုင်ခဲ့တာဖြစ်ပြီး ဒီရာသီ သူမပါဝင်တဲ့ ပြည်တွင်းပွဲ ၄ ပွဲစလုံး ရှုံးနိမ့်ခဲ့တာပါ။ 

ရိုဒရီဟာ ပွဲပယ်ကြောင့် ဒီပွဲကို မပါဝင်နိုင်ခဲ့ပေမယ့် လာမယ့် လူတန်အသင်းနဲ့ ပွဲမှာ မန်စီးတီးအသင်းအတွက် ပြန်လည်ပါဝင်နိုင်မှာဖြစ်ပါတယ်။

ဂွာဒီယိုလာက “ရိုဒရီဟာ အရေးပါတဲ့သူဖြစ်ပေမယ့် ကျနော်တို့ဟာ ဒီပွဲမှာ အကန်ဂျီ၊ ဂျွန်စတုန်းစ်တို့နဲ့အတူ ကြိုးစားခဲ့ပါတယ်။ ရိုဒရီ ပါဝင်ခဲ့ပေမယ့် ကျနော်တို့ စပါးနဲ့ လီဗာပူးလ်ကို အနိုင်မယူနိုင်ခဲ့ပါဘူး။ သူဟာ အရေးပါတဲ့သူဖြစ်ပေမယ့် နည်းလမ်းရှာဖွေရမှာက ကျနော့်ရဲ့အလုပ်ပါ။ ဒီပွဲကတော့ ရိုးရှင်းပါတယ်။ ပိုကောင်းတဲ့အသင်းက အနိုင်ရခဲ့တာဖြစ်ပြီး ဒါကို ကျနော်တို့ လက်ခံရမှာပါ”လို့ ပြောခဲ့တာပါ။

ဗီလာအသင်းဟာ နည်းပြ အူနှိုင်းအမ်မရီလက်ထက်မှာ ရလဒ်ကောင်းတွေ ဆက်တိုက်ရရှိနေပြီး ၁၄ ပွဲဆက် အိမ်ကွင်းနိုင်ပွဲနဲ့အတူ ပရီးမီးယားလိဂ်အဆင့် ၃ နေရာမှာ ရပ်တည်နေပါတယ်။ 

ဗီလာအသင်းဟာ ဒီတစ်ပတ်မှာတော့ အာဆင်နယ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN