CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၄

တိုက်စစ်မှူး ဟာလန်းဟာ ဘရန်ဖို့ဒ်အသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ မန်စီးတီးအသင်းရဲ့ ပွဲထွက် လူစာရင်းမှာ ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပြီလို့ နည်းပြ ဂွာဒီယိုလာက ပြောလိုက်ပါတယ်။

ဂွာဒီယိုလာက “ဟာလန်း အပါအဝင် လူတိုင်းက ကြံ့ခိုင်မှု အပြည့်ရှိနေပြီး ပွဲထွက်လူစာရင်းမှာ ပါဝင်ဖို့ အဆင်သင့် ဖြစ်နေပါပြီ။ ဟာလန်းက ကျနော်တို့အတွက် ဘယ်လောက်အထိ အရေးပါလဲဆိုတာ ကျနော်သိပါတယ်။ မကြာခင် မှာ ကျနော်တို့ဟာ ချန်ပီယံလိဂ်ပြိုင်ပွဲ ယှဉ်ပြိုင်ဖို့လည်း နီးလာပြီဖြစ်လို့ လူတိုင်းကစားနိုင်တာက ကောင်းပါတယ်” လို့ ပွဲကြိုသတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

ဒဏ်ရာကြောင့် ၂ လကြာ အနားယူခဲ့ရတဲ့ ဟာလန်းဟာ ပြီးခဲ့တဲ့ ဘန်လေအသင်းနဲ့ ပွဲစဉ်မှာ မန်စီးတီးအသင်း အတွက် လူစားဝင် ကစားသမားအဖြစ် စတင် ပါဝင်ကစားနိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုအချိန်မှာတော့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာဟာ တိုက်စစ်မှူး ဟာလန်းကို ဘရန်ဖို့ဒ်အသင်းနဲ့ ပွဲမှာ ပွဲထွက်လူစာရင်း အသုံးပြုနိုင်ဖို့ စီစဉ်နေတာပါ။

ဒါ့အပြင် ဂွာဒီယိုလာက မန်စီးတီးအသင်းမှာ တိုက်စစ်မှူးဟာလန်း မပျော်ရွှင်တော့ဘူးဆိုပြီး စပိန်မီဒီယာတွေက ဖော်ပြနေတဲ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပါတယ်။

ဂွာဒီယိုလာက “ဟာလန်း မပျော်ရွှင်ဘူးလားဆိုရင် မက်ဒရစ်မှာရှိတဲ့ မီဒီယာတွေကို သွားပြီးမေးသင့်ပါတယ်။ သူတို့ဆီမှာ ကျနော်တို့ထက် အချက်အလက်တွေ ပိုပြီးရှိနိုင်ပါတယ်။ သူမပျော်ရွှင်ဘူးဆိုတဲ့ ခံစားချက်မျိုး ကျနော်တို့ဆီမှာ ရှိမနေပါဘူး။ သူမပျော်ရွှင်ဘူးဆိုရင် ဆုံးဖြတ်ချက်တွေကို သူချပါလိမ့်မယ်”လို့ ပြောခဲ့တာပါ။

ဟာလန်းဟာ ဒီရာသီမှာ ဒဏ်ရာကြောင့် မန်စီးတီးအသင်းရဲ့ ပွဲအများအပြားကို လွဲချော်ခဲ့ပြီး ပါဝင်ကစားထားတဲ့ ၂၃ ပွဲမှာ ၁၉ ဂိုး သွင်းယူကာ အသင်းရဲ့ ထိပ်တန်းဂိုးသွင်းရှင်အဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

Source: CNA