CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၇

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ချယ်လ်ဆီးအသင်းနဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်ဟာ မန်စီးတီး အသင်းအတွက် ခက်ခဲမယ့် ပွဲစဉ်တစ်ပွဲလို့ ပြောလိုက်ပါတယ်။

ဂွာဒီယိုလာက "ချယ်လ်ဆီးက ထူးခြားတဲ့အသင်းပါ။ ဒီပွဲက ဒီရာသီမကုန်ခင် ကျနော်တို့ရဲ့ အခက်ခဲဆုံး ပွဲစဉ် တစ်ပွဲပါ။ နောက်ဆုံးပွဲတွေမှာ သူတို့ရဲ့ကစားပုံဟာ အလွန်ကောင်းမွန်ခဲ့ပါတယ်။ သူတို့မှာ အရာအားလုံးရှိပါ တယ်။ သူတို့က အလွန်ကောင်းမွန်တဲ့ အသင်းပါ။ ခက်ခဲမယ့်ပွဲစဉ် ဖြစ်မှာပါ"လို့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ ပြောခဲ့တာပါ။

မန်စီးတီးအသင်းဟာ လက်ရှိအချိန်မှာ အဓိက ကစားသမားတွေ ပြန်ပါဝင်လာတာနဲ့အတူ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၁၁ ပွဲဆက်တိုက် နိုင်ပွဲရရှိပြီး အကောင်းဆုံးပုံစံ ရရှိနေတာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းကလည်း ရလဒ်ဆိုးတွေကို အဆုံးသတ်ပြီး နောက်ဆုံးကစားထားတဲ့ ၂ ပွဲဆက်တိုက် နိုင်ပွဲရယူ နိုင်ခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဒီရာသီမှာ ရလဒ်မတည်ငြိမ်ပေမယ့် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ကစားခဲ့တဲ့ပွဲစဉ်တုန်းက မန်စီးတီးအသင်းနဲ့ ၄ ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။

မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက ပြီးခဲ့တဲ့ နွေရာသီက အသင်းက ထွက်ခွာပြီး ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့သွားခဲ့တဲ့ ကိုးလ်ပယ်လ်မာဟာ ကြယ်ပွင့် ကစားသမားဖြစ်တယ်လို့ ပြောခဲ့တာပါ။

ကိုးလ်ပယ်လ်မာဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး ၁၀ ဂိုးအထိ သွင်းယူထား ပါတယ်။

ဂွာဒီယိုလာက "သူဟာ ပုံမှန်ကစားခွင့်ရရင် အောင်မြင်မယ်ဆိုတာ ဟုတ်ပါတယ်။ သူ့အရည်အသွေးနဲ့ ပတ်သက် ပြီး ကျနော် သံသယမရှိပါဘူး။ သူဟာ ကြယ်ပွင့် ကစားသမားဖြစ်ပြီး ကစားချိန်မိနစ်တွေ ရရှိချင်နေတာပါ။ သူ့ရဲ့ ကောင်းမွန်တဲ့ အရည်အသွေးတွေကို ပြသဖို့ အချိန်က မေးခွန်းထုတ်စရာပါပဲ"လို့ ဆိုခဲ့ပါတယ်။

ပြီးခဲ့တဲ့ ကိုပင်ဟေဂင်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ပေါင်ခြံဒဏ်ရာရရှိခဲ့တဲ့ တောင်ပံကစားသမား ဂရီလစ်ရှ်ဟာ ချယ်လ်ဆီး အသင်းနဲ့ပွဲစဉ်ကို လွဲချော်မယ်လို့ မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာက အတည်ပြုသွားခဲ့တာ ဖြစ်ပါတယ်။

Source: ESPN