CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၃

မန်စီးတီးအသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲအဖြစ် ဖလူမီနက်စ်အသင်းနဲ့ ကစားခဲ့တာမှာ ၄ ဂိုး- ဂိုးမရှိနဲ့ ဂိုးပြတ်အနိုင်ရပြီး ဒီပြိုင်ပွဲမှာ ချန်ပီယံဆုကို ပထမဆုံးအကြိမ် ရရှိသွားခဲ့ပါတယ်။

ဒီပွဲမှာ မန်စီးတီးအသင်းအတွက် ဂိုးတွေကို အယ်လ်ဗားရက်ဇ်က ၂ ဂိုး၊ ဖိုဒန်နဲ့ ဖလူမီနက်စ် အသင်းကစားသမား နီနိုက ကိုယ့်ဂိုးကိုယ် သွင်းယူပေးခဲ့တာပါ။

မန်စီးတီးအသင်းဟာ ချန်ပီယံဆု ရယူနိုင်ခဲ့တာကြောင့် ယူနိုက်တက်၊ လီဗာပူးလ်၊ ချယ်လ်ဆီးအသင်းတို့နဲ့အတူ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ချန်ပီယံဆုရယူနိုင်တဲ့ ၄ သင်းမြောက် အင်္ဂလိပ်ကလပ်အသင်း ဖြစ်လာခဲ့ပါတယ်။ 

ဒါ့အပြင် မန်စီးတီးအသင်းဟာ တစ်နှစ်အတွင်း အဓိကဆုဖလား ၅ ခု ရယူနိုင်တဲ့ ပထမဆုံး အင်္ဂလိပ်အသင်းအဖြစ် မှတ်တမ်းတင်နိုင်ခဲ့တာပါ။


မန်စီးတီးအသင်းနည်းပြ ဂွာဒီယိုလာအတွက်လည်း မတူညီတဲ့ ကလပ်အသင်း ၃ သင်းနဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ မှာ ချန်ပီယံဆုရယူနိုင်ခဲ့တဲ့ ပထမဆုံးနည်းပြ ဖြစ်လာခဲ့ပါတယ်။ 

ဂွာဒီယိုလာဟာ မန်စီးတီးအသင်းကို ရောက်ရှိလာပြီးကတည်းက အသင်းရယူနိုင်တဲ့ ဆုဖလားအားလုံးကို ရယူပေးနိုင်ခဲ့တာပါ။ စပိန်လူမျိုးနည်းပြဟာ မန်စီးတီးအသင်းကို အဓိကဆုဖလား ၁၄ ခုအထိ ရယူပေးပြီး အသင်းကို အောင်မြင်မှုတွေရရှိအောင် ကိုင်တွယ်ပေးထားတာ ဖြစ်ပါတယ်။

ဂွာဒီယိုလာက “လှပတဲ့နေ့ တစ်နေ့ပါပဲ။ ကျနော်တို့ ဆုဖလားအားလုံး ရယူနိုင်ခဲ့ပြီး အလုပ်ပြီးဆုံးသွားပြီလို့ ခံစားရပါတယ်။ အခုခရစ္စမတ် အချိန်ရောက်ပါပြီ။ ကျနော်တို့ နောက်ထပ် စာအုပ်တစ်အုပ်ဝယ်ပြီး အစကနေ ပြန်ရေးရတော့မှာပါ။ ဒီနှစ်ကတော့ မယုံနိုင်စရာကောင်းတဲ့ နှစ်တစ်နှစ်ပါပဲ”လို့ ပြောခဲ့ပါတယ်။

ဒီပြိုင်ပွဲရဲ့ Golden Ball ဆုကို မန်စီးတီးအသင်း ကွင်းလယ်လူ ရိုဒရီ၊ Silver Ball ဆုကို မန်စီးတီး အသင်း နောက်ခံလူ ဝေါလ်ကာနဲ့ Bronze Ball ဆုကို ဖလူမီနက်စ်အသင်း တောင်ပံကစားသမား အေရီးယက်စ်က ရရှိခဲ့တာဖြစ်ပါတယ်။

Source: BBC