CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၁
မန်စီးတီးအသင်းဟာ အယ်လ်ဟီလယ်အသင်းကို အချိန်ပိုမှာ ၄ ဂိုး-၃ ဂိုးနဲ့ အရေးနိမ့်ပြီး ဖီဖာကလပ် ကမ္ဘာ့ဖလား ပြိုင်ပွဲ ၁၆ သင်းအဆင့်ကနေ ထွက်ခွာခဲ့ရပြီးနောက် နည်းပြဂွာဒီယိုလာက သူတို့ဟာ ဒီပြိုင်ပွဲမှာ အရာအားလုံးကို ပေးခဲ့တယ်လို့ ပြောခဲ့ပါတယ်။
ဂွာဒီယိုလာက “ဒီအဆင့်မှာ အားလုံးက ခက်ခဲတဲ့ပွဲတွေပါ။ ကျနော်တို့ဟာ ဒီပွဲမှာ အခွင့်အရေးတွေလည်း ဖန်တီး နိုင်ခဲ့ပြီး ကောင်းမွန်ခဲ့ပေမယ့် ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါပြီ။ ကျနော်တို့ အကောင်းဆုံး လုပ်ခဲ့ပေမယ့် ဘိုနိုက မယုံနိုင်လောက်အောင်ကောင်းတဲ့ ကာကွယ်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ကျနော်တို့ အနေနဲ့ ပွဲကို အဆုံးသတ် နိုင်အောင် ဂိုးသွင်းယူရမှာပါ။ အခုအချိန်မှာ ကျနော်တို့ အိမ်ပြန်အနားယူပြီး ရာသီသစ်အတွက် လန်းဆန်းအောင် ပြုလုပ်ရမှာပါ”လို့ ပြောခဲ့တာပါ။
မန်စီးတီးအသင်းဟာ ဒီပွဲမှာ ဘာနာဒိုဆေးလ်ဗားရဲ့ သွင်းဂိုးနဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့် အယ်လ်ဟီလယ်အသင်းကို ချေပဂိုးနဲ့ ဦးဆောင်ဂိုးတွေ ပြန်ပေးခဲ့ရပြီး အနောက်ကနေ လိုက်ကစားခဲ့ရတာပါ။
ပွဲချိန်အတွင်းမှာ ဟာလန်းက ချေပဂိုးသွင်းယူခဲ့လို့ ၂ ဂိုးစီ သရေကျပြီး အချိန်ပို ဆက်ကစားခဲ့ရတာ ဖြစ်ပါတယ်။
မန်စီးတီး ယှဉ်ပြိုင်နေစဉ်
အချိန်ပိုမှာ အယ်လ်ဟီလယ်အသင်းအတွက် ကူလီဘာလီက ဦးဆောင်ဂိုး သွင်းယူခဲ့ပြီး ဖိုဒန်က မန်စီးတီးအသင်း အတွက် ချေပဂိုး ပြန်သွင်းယူနိုင်ခဲ့ပေမယ့် လီယိုနာဒိုက ဆော်ဒီကလပ်အတွက် အနိုင်ဂိုး သွင်းယူပေးခဲ့တာပါ။
အဲဒါကြောင့် မန်စီးတီးအသင်းဟာ ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီး ဆုဖလားလက်မဲ့နဲ့ ရာသီ တစ်ခုကို အဆုံးသတ်ခဲ့ရတာဖြစ်ပါတယ်။
မန်စီးတီးအသင်းဟာ ဒီပြိုင်ပွဲကနေ ထွက်ခွာခဲ့ရတာကြောင့် ရာသီသစ်မတိုင်မီ အားလပ်ရက် အနားယူမှာဖြစ်ပြီး ဒီလထဲမှာ လေ့ကျင့်မှုတွေ ပြန်လည်ပြုလုပ်ဖို့ရှိနေတာပါ။
မန်စီးတီးအသင်းကို အနိုင်ရခဲ့တဲ့ အယ်လ်ဟီလယ်အသင်းဟာ ဖီဖာကလပ် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်မှာ ဖလူမင်နန်စီအသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။
Source: Mancity