CNI Sport News
၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂
ဂျူဗင်တပ်စ်အသင်းနည်းပြ တူဒေါက ရီးရယ်လ်အသင်းကို ၁ ဂိုး-ဂိုးမရှိနဲ့ အရေးနိမ့်ခဲ့တဲ့ ဖီဖာကလပ်ကမ္ဘာ့ဖလား ၁၆ သင်းအဆင့် ပွဲစဉ်မှာ ပင်ပန်းနွမ်းနယ်မှုကြောင့် ကစားသမား ၁၀ ဦးက လူစားလဲဖို့ တောင်းဆိုခဲ့တယ်လို့ ပြောခဲ့ပါတယ်။
တူဒေါက “အခြေအနေတွေက အလွန်ခက်ခဲခဲ့ပြီး ကစားသမား ၁၀ ဦးက လူစားလဲဖို့ ကျနော့်ကို တောင်းဆို ခဲ့ပါတယ်။ သူတို့ အလွန်ပင်ပန်းနေကြပါတယ်။ ဒါက ရှည်လျားတဲ့ ရာသီရဲ့ အဆုံးသတ်ဖြစ်ပြီး သူတို့ရဲ့ စွမ်းအင် တွေကို ရယူရတဲ့ ကစားသမားတွေအပေါ်မှာ ဖိအားတွေ အများကြီးရှိခဲ့ပါတယ်။ အခြေအနေတွေ အားလုံးက ပိုခက်ခဲစေပြီး အပူချိန်ကလည်း ပိုပြီးခက်ခဲစေတဲ့ အရာတွေထဲက တစ်ခုပါ”လို့ ပွဲအပြီးသတင်းထောက်တွေနဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့တာပါ။
ဒီပွဲမှာ ရီးရယ်လ်အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို ပွဲချိန် ၅၄ မိနစ်မှာ အာနိုးလ်ရဲ့ ဖန်တီးပေးမှု ကနေ ဂွန်ဇာလိုဂါစီယာက ခေါင်းတိုက်ပြီး သွင်းယူခဲ့တာဖြစ်ပါတယ်။
ရီးရယ်လ်နဲ့ ဂျူဗင်တပ်စ်အသင်းကစားခဲ့တဲ့ မိုင်ယာမီမှာ အပူချိန်ဟာ ၃၁ ဒီဂရီ ဆဲလ်စီးယပ်စ်အထိ ရှိနေပေမယ့် ပြီးခဲ့တဲ့ပွဲတွေထက်တော့ အပူချိန်ဟာ အနည်းငယ် လျော့နေတာပါ။
ဒါပေမယ့် ဂျူဗင်တပ်စ်အသင်းနည်းပြ တူဒေါက သူ့ရဲ့ကစားသမားတွေဟာ ဒီအခြေအနေတွေကို ရင်ဆိုင်ဖို့ ရုန်းကန်ခဲ့ရတယ်လို့ ပြောခဲ့ပါတယ်။
ဖီဖာဟာ အသင်းပေါင်း ၃၂ သင်းပါဝင်တဲ့ ပုံစံသစ် ကလပ်ကမ္ဘာ့ဖလား ပြိုင်ပွဲကို ကျင်းပတဲ့အပေါ်မှာ ဝေဖန်မှုတွေ အများအပြားရှိနေပြီး မကြာသေးမီက လီဗာပူးလ်အသင်း နည်းပြဟောင်း ကလော့ပ်က အလွန်ဆိုးရွားတဲ့ စိတ်ကူး ဆိုပြီး ပြောထားတာပါ။
ဂျူဗင်တပ်စ်အသင်းနည်းပြ တူဒေါက သူတို့ဟာ ဒီပြိုင်ပွဲမှာ အပြုသဘောဆောင်တဲ့ အတွေ့အကြုံတွေနဲ့ သင်ယူ စရာတွေ ရခဲ့ပေမယ့် သူ့ရဲ့ကစားသမားတွေဟာ အနားယူဖို့ လိုအပ်တယ်လို့ ပြောခဲ့ပါတယ်။
ဒီရာသီကို ဆုဖလား အောင်မြင်မှု မရဘဲ အဆုံးသတ်ခဲ့ရတဲ့ ဂျူဗင်တပ်စ်အသင်းဟာ ၃ ပတ်ကြာ အနားယူပြီးရင် ရာသီသစ်အတွက် ပြင်ဆင်မှုတွေ ပြုလုပ်ကာ ပိုပြီးသန်မာစွာနဲ့ ရာသီသစ်ကို စတင်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။
Source: ESPN