CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၂၃

အာဆင်နယ်အသင်းအနေနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ချန်ပီယံဆုကို စိန်ခေါ်ချင်တယ်ဆိုရင် အန်ဖီးလ်ကွင်းမှာ နိုင်ပွဲပျောက်ဆုံးနေတာကို အဆုံးသတ်ဖို့ နည်းပြ အာတီတာက ပြောလိုက်ပါတယ်။

အာတီတာက “ကျနော်တို့ အိုးထရက်ဖို့ဒ်နဲ့ စတမ်းဖို့ဒ်ဘရစ်ချ်မှာ အနိုင်ရလဒ်ရရှိအောင် လုပ်ဆောင်နိုင်ခဲ့ပါတယ်။ အန်ဖီးလ်ကွင်းက နောက်ထပ်စိန်ခေါ်မှုပါ။ အဲ့ဒီနေရာသွားပြီး အနိုင်ရလဒ် ရယူသွားမှာပါ။ ထိပ်ဆုံးနေရာမှာ ရပ်တည်ချင်တယ်ဆိုရင် ဒီလိုနေရာတွေကို သွားရောက်ပြီး အသာစီးကစားရအောင် ပြုလုပ်ရမှာဖြစ်ပါတယ်။ ဒီလိုဖြစ်ဖို့ ကျနော်တို့ ကြိုးစားသွားမှာပါ”လို့ ပြောပါတယ်။

အာဆင်နယ်အသင်းဟာ အန်ဖီးလ်ကွင်းမှာ လီဗာပူးလ်အသင်းကို နောက်ဆုံး အနိုင်ယူခဲ့တာကတော့ ၂၀၁၂ ခုနှစ်၊ စက်တင်ဘာလကဖြစ်ပြီး ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တာ ဖြစ်ပါတယ်။ 

ဒီနောက်ပိုင်းမှာ အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းရဲ့ အိမ်ကွင်းမှာ အမြင့်ဆုံး သရေရလဒ်သာ ရယူနိုင်ခဲ့ တာပါ။ 

ပြီးခဲ့တဲ့ရာသီက အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းကို အန်ဖီးလ်ကွင်းမှာ ၂ ဂိုး- ဂိုးမရှိနဲ့ ဦးဆောင် နိုင်ခဲ့ပေမယ့် ချေပဂိုးတွေ ပြန်ပေးခဲ့ရတာကြောင့် နိုင်ပွဲရမယ့် မျှော်လင့်ချက်ကို အဆုံးသတ်ခဲ့ရတာ ဖြစ်ပါတယ်။

အာတီတာဟာ အာဆင်နယ်အသင်းကို သူကိုင်တွယ်နေတဲ့ အချိန်အတွင်းမှာ ယူနိုက်တက်၊ စပါးနဲ့ ချယ်လ်ဆီး အသင်းတွေကို သူတို့ရဲ့အိမ်ကွင်းတွေမှာ နိုင်ပွဲရယူနိုင်ခဲ့သလို မန်စီးတီးအသင်းကို ဒီရာသီ အမ်းမရိတ်စ်ကွင်းမှာ နိုင်ပွဲရယူနိုင်ခဲ့တာပါ။ 

အဲ့ဒါကြောင့် အာတီတာက အန်ဖီးလ်ကွင်းမှာ ကာလရှည်ကြာ နိုင်ပွဲပျောက်ဆုံးနေတာကို ဒီတစ်ကြိမ်တွေ့ဆုံမှုမှာ အာဆင်နယ်အသင်း အဆုံးသတ်ဖို့ ပစ်မှတ်ထားနေပါတယ်။

အာဆင်နယ်အသင်းဟာ လီဗာပူးလ်အသင်းနဲ့ပွဲမှာ ရလဒ်ကောင်းရယူနိုင်ရင် ခရစ္စမတ်ကာလမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို ဦးဆောင်နိုင်မှာပါ။

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်ကတော့ အာဆင်နယ်အသင်းနဲ့ ပွဲမှာ အန်ဖီးလ်ရဲ့ ပုံစံအစစ်အမှန်ကို လိုချင်တယ်လို့ ပြောထားခဲ့ပါတယ်။

Source: ESPN