CNI Sport News

၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီ ၁၆

ဥရုဂွေးဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်က အင်တာမိုင်ယာမီ အသင်းဟာ သူရဲ့ ကစားသမားဘဝမှာ နောက်ဆုံး ကစားတဲ့ ကလပ်အသင်း ဖြစ်တယ်လို့ ပြောလိုက်ပါတယ်။

ဆွာရက်ဇ်က “အင်တာမိုင်ယာမီက ကျနော့်ရဲ့ နောက်ဆုံးကလပ် ဖြစ်လာပါလိမ့်မယ်၊ ကျနော့်မိသားစုက ဒါကို သိပြီးသားပါ။ ဘယ်နေ့မှာ ကစားသမားဘဝက အနားယူမယ်ဆိုတာ မသတ်မှတ်ထားရပေမယ့် ဒါက ကျနော့်ရဲ့ နောက်ဆုံးခြေလှမ်းပါ။ ဒီနောက်ဆုံး စိန်ခေါ်မှုအတွက် ကျနော် အဆင်သင့်ဖြစ်နေပါပြီ။ ရှောင်လွှဲလို့မရတဲ့ ပင်ပန်း နွမ်းနယ်မှုတွေတော့ ရှိနေတယ်”လို့ ဥရုဂွေးရေဒီယို Del Sol နဲ့ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောခဲ့တာပါ။

ဆွာရက်ဇ်ဟာ ပြီးခဲ့တဲ့ရာသီက ဂရီမီယိုအသင်းမှာ ကစားခဲ့ပြီးနောက် အင်တာမိုင်ယာမီအသင်းနဲ့ ၁ နှစ် စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပြီး စာချုပ်ကုန်ဆုံးချိန်မှာ နောက်ထပ် ၁ နှစ် ထပ်မံသက်တမ်း တိုးခွင့်ရှိနေတာ ဖြစ်ပါတယ်။ 

ဥရုဂွေးတိုက်စစ်မှူးဟာ အင်တာမိုင်ယာမီအသင်းမှာ ဘာစီလိုနာအသင်း ဖော်ဟောင်းတွေဖြစ်တဲ့ မက်ဆီ၊ ဘတ်စကွက်စ်၊ အယ်လ်ဘာတို့နဲ့ ပြန်လည်တွဲဖက်ပြီး ကစားနေရတာပါ။

ဆွာရက်ဇ်ဟာ အင်တာမိုင်ယာမီ အသင်းနဲ့အတူ အောင်မြင်မှုတွေ ရယူကာ သူ့ရဲ့ ကလပ်ကစားသမားဘဝကို အဆုံးသတ်ချင်နေတာ ဖြစ်ပါတယ်။

ဆွာရက်ဇ်နဲ့ မက်ဆီကို တွေ့ရစဉ်

အသက် ၃၇ နှစ်အရွယ်ရှိ ဆွာရက်ဇ်ဟာ သူ့ရဲ့ ပရော်ဖက်ရှင်နယ် ကစားသမားဘဝမှာ နေစီယွန်နယ်လ်၊ ဂရိုနင်ဂျန်၊ အေဂျက်စ်၊ လီဗာပူးလ်၊ ဘာစီလိုနာ၊ အသလက်တီကို၊ ဂရီမီယိုနဲ့ အခု အင်တာမိုင်ယာမီအသင်းတို့မှာ ကစားခဲ့တာပါ။ 

ဆွာရက်ဇ်ဟာ ဥရုဂွေး လက်ရွေးစင်အသင်းအတွက် ၂၀၀၇ ခုနှစ်ကတည်းက ပါဝင်ကစားနေပြီး အခုဆိုရင် ပွဲပေါင်း ၁၃၈ ပွဲ ပါဝင်ကစားထားကာ ၆၈ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

အင်တာမိုင်ယာမီအသင်းဟာ နယူးဝဲလ်အိုးဘွိုင်းစ်အသင်းနဲ့ ရာသီကြို ခြေစမ်းပွဲ နောက်ဆုံးပွဲစဉ်အဖြစ် ကစားခဲ့ပြီးနောက် မေဂျာလိဂ် ရာသီသစ်ပွဲစဉ်တွေကို စတင်ယှဉ်ပြိုင်ရတော့မှာပါ။

အင်တာမိုင်ယာမီအသင်းဟာ ဖေဖော်ဝါရီ ၂၁ မှာ မေဂျာလိဂ်အဖွင့်ပွဲစဉ်အဖြစ် ရီးရယ်လ်ဆော့လိတ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source: ESPN