CNI Sport News
၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာ ၈

လီဗာပူးလ်အသင်း နောက်ခံလူ မာတစ်ဟာ ဒူးအရွတ်ဒဏ်ရာကြောင့် အခုရာသီအကုန်ထိ အနားယူရဖွယ် ရှိတယ်လို့ သိရပါတယ်။

မာတစ်ဟာ လီဗာပူးလ်အသင်းက ဖူလ်ဟမ်အသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရရှိခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်ရဲ့ ပွဲပြီးဆုံးဖို့ မိနစ် ၂၀ အလိုမှာ ဒဏ်ရာ ရရှိသွားခဲ့ပါတယ်။

လီဗာပူးလ်အသင်းက ရှက်ဖီးယူနိုက်တက်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်အပြီးမှာ နည်းပြကလော့ပ်က နောက်ခံလူ မာတစ်ဟာ ဒူးအရွတ်ဒဏ်ရာ ရရှိသွားခဲ့တယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။ 

မာတစ်နဲ့ လီဗာပူးလ်အသင်းတို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ နောက်ဆုံးနှစ်ထဲကို ရောက်ရှိနေတာဖြစ်လို့ ဖူလ်ဟမ် အသင်းနဲ့ ပွဲစဉ်ဟာ သူ့ရဲ့နောက်ဆုံးပွဲစဉ် ဖြစ်လာနိုင်တာပါ။ 

မာတစ်ဟာ လီဗာပူးလ်အသင်းကို ၂၀၁၆ ခုနှစ်က ရှော်လ်ကေးအသင်းကနေ ရောက်ရှိလာခဲ့တာဖြစ်ပြီး ပွဲပေါင်း ၂၀၁ ပွဲ ပါဝင်ကစားထားကာ ၁၁ ဂိုး သွင်းယူထားတာ ဖြစ်ပါတယ်။

မာတစ်ဟာ လီဗာပူးလ်အသင်းနဲ့အတူ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ်၊ FA ဖလား၊ ကာရာဘောင်းဖလားနဲ့ ဥရောပ စူပါဖလားတို့ကို ရယူနိုင်ခဲ့ပါတယ်။

မာတစ်ရဲ့ ဒဏ်ရာကြောင့် လီဗာပူးလ်အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဗဟိုနောက်ခံလူ တစ်ဦးကို ခေါ်ယူဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ 

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ ရလဒ်ကောင်းတွေ ရရှိနေပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ထိပ်ဆုံးနေရာက အာဆင်နယ်အသင်းနဲ့ ၂ မှတ်အကွာ အဆင့် ၂ နေရာမှာ ရပ်တည်နေသလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း နောက် တစ်ဆင့်ကို တက်ရောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ် ၁၆ အဖြစ် ပဲလေ့စ်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC