CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၈

မြန်မာ ယူ-၂၂ အသင်းနည်းပြချုပ် မိုက်ကယ်က ကမ္ဘောဒီးယားနိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပမယ့် ၃၂ ကြိမ်မြောက် ဆီးဂိမ်းစ် အမျိုးသား ဘောလုံးပြိုင်ပွဲရဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ အသင်းကို ယုံကြည်မှုထားပြီး ရမှတ်တွေ ရနိုင်သမျှယူထားချင်တယ်လို့ ပြောလိုက်ပါတယ်။

မိုက်ကယ်က “ကျနော်တို့အသင်းမှာ ပြီးခဲ့တဲ့ ဆီးဂိမ်းစ် အတွေ့အကြုံရှိ ကစားသမားက နည်းနည်းလေးပဲရှိ ပါတယ်။ အများစုကတော့ ပထမဆုံးအကြိမ်အဖြစ် ဆီးဂိမ်းစ် ကစားကြမယ့် သူတွေပါ။ ကျနော်တို့အတွက်တော့ တစ်သင်းချင်းစီ၊ တစ်ပွဲချင်းစီကိုပဲ ပစ်မှတ်ထားပြီး ပြိုင်ပွဲကို သေသေချာချာ ယှဉ်ပြိုင်ကြသွားမှာပါ။ နည်းပြတစ်ဦး အနေနဲ့ကတော့ ကိုယ့် ကစားသမားတွေအပေါ်ကို ယုံကြည်ထားပါတယ်။ တချို့ပွဲတွေမှာ အမှတ်ရဖို့ အခွင့်အရေးရှိ မယ်၊ တချို့ပွဲတွေမှာ ပြိုင်ဘက်ဆီက အမှတ်ရဖို့ ပိုမိုခက်ခဲတာ ရှိမယ်။ ဒါပေမယ့် ပထမဆုံးက အသင်းကို ယုံကြည် မှုထားပြီး ကျနော်တို့ ရနိုင်သမျှ ရမှတ်တွေ ယူထားချင်ပါတယ်”လို့ ပြောခဲ့တာပါ။

မြန်မာ ယူ-၂၂ အသင်း လေ့ကျင့်နေစဉ်

မြန်မာအသင်းဟာ ဒီပြိုင်ပွဲရဲ့ အုပ်စု A မှာ အိမ်ရှင် ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ တီမောတို့နဲ့ တစ်အုပ်စု တည်း ကျရောက်နေတာဖြစ်ပြီး အုပ်စုအဖွင့် ပွဲစဉ်အဖြစ် မေလ ၂ ရက် မြန်မာစံတော်ချိန် ၃ နာရီခွဲမှာ တီမော အသင်းနဲ့ ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။

မိုက်ကယ်က “ပြိုင်ဘက်အသင်းတွေ၊ နည်းပြတွေကိုလည်း ကျနော်တို့ လေးစား ရပါလိမ့်မယ်။ အုပ်စု A မှာ ပါဝင် ခွင့်ရတာကို အင်မတန် စိတ်လှုပ်ရှား မိပါတယ်။ အိမ်ရှင်အသင်းလည်း အုပ်စုမှာ ပါနေတဲ့အတွက် ပရိသတ်တွေ တကယ့်ကို ကွင်းအပြည့် လာရောက် အားပေးကြမှာ ဖြစ်သလို သူတို့ကို ဖျော်ဖြေမှု ပေးချင်တာကလည်း ကျနော် တို့ ရည်မှန်းချက်တစ်ခုပဲ”လို့ မီဒီယာတွေရဲ့ မေးမြန်းမှုကို ဖြေခဲ့တာပါ။

မြန်မာ ယူ-၂၂ အသင်းဟာ ဆီးဂိမ်းစ် ပြိုင်ပွဲမတိုင်ခင်က ထိုင်းနိုင်ငံမှာ သွားရောက် စခန်းသွင်း လေ့ကျင့်ပြီး ခြေစမ်းပွဲတွေ ယှဉ်ပြိုင် ကစားခဲ့တာ ဖြစ်ပါတယ်။

မြန်မာအမျိုးသား ဘောလုံးအသင်းဟာ ပြီးခဲ့တဲ့နှစ်က ဗီယက်နမ်မှာ ကျင်းပခဲ့တဲ့ ဆီးဂိမ်းစ်ပြိုင်ပွဲမှာ အုပ်စုကနေ ထွက်ခွာခဲ့ရတာ ဖြစ်ပါတယ်။