CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇

ချယ်လ်ဆီးအသင်း ကြယ်ပွင့်ဟောင်း ဖရန့်လီဘော့ဖ်က လမ်းပတ်ကို ယာယီနည်းပြ အဖြစ်ကနေ နှုတ်ထွက်ဖို့ တိုက်တွန်းခဲ့ပြီး လမ်းပတ်အနေနဲ့ ရာသီအကုန်ထိ တစ်ပွဲမှ အနိုင်မရနိုင်ဘူးလို့ သတိပေးခဲ့ပါတယ်။

ဖရန့်လီဘော့ဖ်က “ခင်ဗျားတို့ သိသလောက် ကျနော်ပြောပြီးပါပြီ။ ကျနော့်မှာ ပြောစရာ ဘာမှမရှိတော့ပါဘူး။ ဖြစ်နိုင်တယ်ဆိုရင် လမ်းပတ်အနေနဲ့ ထွက်သွားပါ။ အမြန်ဆုံး ထွက်သွားလိုက်ပါ။ သူတို့အနိုင်ရဖို့ လိုအပ်ပါတယ်။ တစ်ပွဲ အနိုင်ရမှဖြစ်မယ်။ ဒီ ၃ မှတ်က အသင်း တန်းမဆင်းရဖို့အတွက် သေချာစေမှာပါ”လို့ ESPN ကို ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ ဂရေဟမ်ပေါ်တာကို ထုတ်ပယ်ပြီးနောက် အသင်းရဲ့ ကစားသမားဟောင်းနဲ့ နည်းပြ ဟောင်းဖြစ်တဲ့ လမ်းပတ်ကို ရာသီအကုန်ထိ ယာယီနည်းပြအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။

လမ်းပတ်ရဲ့ လက်ထက်မှာ ချယ်လ်ဆီးအသင်းဟာ ရလဒ်တွေ ဆက်တိုက် ဆိုးနေပြီး သူကိုင်တွယ်ထားတဲ့ ၅ ပွဲစလုံး အရေးနိမ့်ခဲ့တာပါ။ အဲဒါကြောင့် လမ်းပတ်ဟာ ချယ်လ်ဆီးအသင်းရဲ့ အဆိုးရွားဆုံး နည်းပြလို့တောင် သတ်မှတ်ခံနေရတာ ဖြစ်ပါတယ်။

ချယ်လ်ဆီးကစားကိုတွေ့ရစဉ်

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ အဆင့် ၁၁ နေရာ ရပ်တည်နေပြီး ပွဲကစားဖို့ ၆ ပွဲ ကျန်ရှိ နေသေးပေမယ့် တန်းဆင်းဇုန် အဆင့် ၁၈ နေရာက လက်စတာအသင်းနဲ့ ၁၀ မှတ် ကွာဟနေတာပါ။

အဲဒါကြောင့် ချယ်လ်ဆီးအသင်းဟာ သင်္ချာနည်းအရတော့ ပရီးမီးယားလိဂ် ပြိုင်ပွဲကနေ တန်းဆင်းနိုင်တဲ့ အလားအလာရှိနေလို့ ကစားသမားဟောင်း ဖရန့်လီဘော့ဖ်က လမ်းပတ်ကို လက်ရှိ ရာထူးကနေ ထွက်ခွာသွားဖို့ ပြောခဲ့တာ ဖြစ်ပါတယ်။

လမ်းပတ်ဟာ စတမ်းဖို့ဘရစ်ချ်မှာ ဘရန်ဖို့ဒ်အသင်းကို အရေးနိမ့်တဲ့ပွဲအပြီး ပရိသတ်တွေရဲ့ လှောင်ပြောင်မှုကို ခံခဲ့ရပေမယ့် အင်္ဂလန် ကစားသမားဟောင်းက ဒါကို နားလည်တယ်လို့ ပြောခဲ့တာပါ။

လန်ဒန်ကလပ်ဟာ ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လုပ်ဆောင်နေပေမယ့် လမ်းပတ်ကတော့ အခု ရာသီအကုန်ထိ အသင်းကို ယာယီနည်းပြအဖြစ် ကိုင်တွယ်ရဦးမှာ ဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ပရီးမီးယားလိဂ် လက်ကျန်ပွဲစဉ်တွေအဖြစ် အာဆင်နယ်၊ ယူနိုက်တက်၊ မန်စီးတီး၊ နယူးကာဆယ်တို့နဲ့ တွေ့ဆုံရမယ့် ပွဲစဉ်တွေ ပါဝင်နေတာ ဖြစ်ပါတယ်။

Source: Daily Mail