CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၂၇

ချယ်လ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ အပြောင်းအရွှေ့ ၂ ခုမှာ ပေါင်သန်း ၆၀၀ ဝန်းကျင်သုံးစွဲခဲ့ပေမယ့် အသင်းအနေနဲ့ ပြန်လည်တည်ဆောက်ဖို့လိုတယ်လို့ ယာယီနည်းပြ လမ်းပတ်က ပြောခဲ့ပါတယ်။

လမ်းပတ်က “ကလပ်အတွက် ဆိုးရွားတဲ့နှစ်ပါ။ အရေးကြီးတာက ဘယ်လိုတိုးတက်အောင်လုပ်မလဲ ဆိုတာပါ။ အသင်းဟာ ပြန်လည်တည်ဆောက်ဖို့ လိုအပ်ပါတယ်၊ နွေရာသီမှာ အသင်းရဲ့လူစာရင်းကို ပြောင်းလဲမှုတွေပြုလုပ်ရမှာဖြစ်ပါတယ်။ အဆင့်တစ်ဆင့်ရောက်အောင်မြှင့်တင်နိုင်ဖို့လိုအပ်ပါတယ်”လို့ ပြောခဲ့တာပါ။

ချယ်လ်ဆီးအသင်းကို တောဒ့်ဘိုလီဦးဆောင်တဲ့ အစုအဖွဲ့က ပြီးခဲ့တဲ့နှစ်က ဝယ်ယူအပြီးမှာ အန်ဇိုဖာနန်ဒက်ဇ်ကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် ၁၀၆ သန်းနဲ့ ခေါ်ယူပေးခဲ့တာအပါအဝင် ကစားသမားသစ်အများအပြားကို အသင်းအတွက် ဖြည့်တင်းပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ရလဒ်ဆိုးတွေနဲ့အတူ နည်းပြအပြောင်းအလဲတွေဖြစ်ခဲ့ပြီး အခုနှစ်ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့် ၁၀ ပြင်ပရပ်တည်ပြီး အဆုံးသတ်ဖို့ သေချာခဲ့တာပါ။

ချယ်လ်ဆီးအသင်းဟာ အခုရာသီအကုန်မှာ စပါးနဲ့ ပီအက်စ်ဂျီအသင်းနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ်အဖြစ် ခန့်အပ်ဖို့ လုပ်ဆောင်နေတာပါ။ ပိုချက်တီနိုကတော့ အသင်းရဲ့ လူစာရင်းကို အပြောင်းအလဲပြုလုပ်ပြီး ကစားသမားသစ်တွေ ထပ်မံခေါ်ယူသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ လန်ဒန်ကလပ်ဟာ အသင်းမှာရှိနေတဲ့ ကစားသမားတွေကိုလည်း ရောင်းချသွားဖို့ရှိနေပြီး အူဘာမီယန်း၊ မေဆန်မောင့်တို့ဟာ အသင်းကနေ ထွက်ခွာသွားဖို့ ရှိနေတာပါ။

ချယ်လ်ဆီးအသင်းဟာ အခုနှစ်ရာသီ ပရီးမီးယားလိဂ်နောက်ဆုံးပွဲစဉ်အဖြစ် နယူးကာဆယ်အသင်းကို အိမ်ကွင်းမှာ ယှဉ်ပြိုင်ရမှာဖြစ်ပြီး နိုင်ပွဲနဲ့အတူ ရာသီကို အဆုံးသတ်နိုင်ဖို့ မျှော်လင့်နေတာ ဖြစ်ပါတယ်။

Source: Goal