CNI Sport News

၂၀၂၃ ခုနှစ်၊ ဧပြီ ၂၇

ချယ်လ်ဆီးအသင်းကို ယာယီနည်းပြအဖြစ် တာဝန်ယူနေတဲ့ လမ်းပတ်က ဘရန်ဖိုဒ့်အသင်းကို အရေးနိမ့်ပြီးနောက် အသင်းပရိသတ်တွေရဲ့ စိတ်ပျက်မှုကို နားလည်တဲ့အကြောင်း ပြောလာခဲ့ပါတယ်။

လမ်းပတ်က “ပရိသတ်တွေရဲ့ လှောင်ပြောင်မှုနဲ့ ပတ်သက်ပြီး ကျနော့်မှာ ပြဿနာမရှိပါဘူး။ဒါကို ကျနော်လုံးဝ နားလည်ပါတယ်။ပရိသတ်တွေအကြောင်း ကျနော်ကောင်းကောင်းသိပြီး သူတို့က အသင်းနဲ့အတူ ရှိပါတယ်။ သူတို့ဟာ ကျနော်တို့လိုပဲ အောင်မြင်မှုတွေကို ပိုပြီးလိုချင်တာကြောင့် စိတ်ဓါတ်တွေကျနေပါတယ်။ ပရိသတ် တွေကို ဆန့်ကျင်ပြီး ကစားသမားတွေကို မလှောင်ပြောင်ဖို့ကို ပြောဖို့ ဒီနေရာမှာထိုင်နေတာ မဟုတ်ပါဘူး။ ကစားသမားတွေဟာ ကောင်းမွန်စွာလုပ်ချင်တဲ့အတွက် သူတို့ကို ကာကွယ်ရမှာပါ” လို့ ပြောခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ စတမ်းဖိုဒ့်ဘရစ်ချ်မှာ ကစားခဲ့တဲ့ပွဲမှာ ဘရန်ဖိုဒ့်အသင်းကို ၂ ဂိုး- ဂိုးမရှိနဲ့ အရေးနိမ့် ခဲ့တာပါ။ဒီပွဲမှာ ဘရန်ဖိုဒ့်အသင်းအတွက် ဂိုးတွေကို ချယ်လ်ဆီးအသင်းခေါင်းဆောင် အက်စ်ပီလီကွီတာက ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့ပြီး နောက်ထပ်ဂိုးကိုတော့ အမ်ဘူမိုက သွင်းယူခဲ့တာဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းဟာ ဒီရှုံးပွဲကြောင့် ယာယီနည်းပြ လမ်းပတ်လက်ထက် ကစားခဲ့တဲ့ ၅ ပွဲစလုံး အရေးနိမ့်ခဲ့တာပါ။

ချယ်လ်ဆီးပရိသတ်တွေဟာ အသင်းရလဒ်ဆိုးတွေကြောင့် လှောင်ပြောင်အော်ဟစ်မှုတွေ ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။ချယ်လ်ဆီးအသင်းဟာ နောက်ဆုံးကစားခဲ့တဲ့ ၇ ပွဲမှာ ၆ ပွဲက ဂိုးပေါက်ပျောက်ဆုံးခဲ့ပြီး လက်ရှိ အချိန်မှာ အသင်းဟာ အမှတ်ပေးဇယားအဆင့် ၁၁ နေရာမှာ ရပ်တည်နေတာပါ။အဲဒါကြောင့် ချယ်လ်ဆီး အသင်းဟာ ၁၉၉၆ နောက်ပိုင်း ပထမဆုံးအကြိမ် ထိပ်ဆုံး ၁၀ သင်းအပြင်မှာ ရပ်တည်ပြီး ရာသီအဆုံးသတ် သွားနိုင်တာဖြစ်ပါတယ်။

ချယ်လ်ဆီးအသင်းဟာ လက်ရှိအချိန်မှာ စပါးနဲ့ ပီအက်စ်ဂျီအသင်းနည်းပြဟောင်း ပိုချက်တီနိုကို နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ လုပ်ဆောင်နေပြီး နှုတ်နဲ့ သဘောတူညီမှုရရှိသွားပြီလို့ သတင်းတွေမှာ ဖော်ပြထားတာပါ။ ချယ်လ်ဆီးအသင်းဟာ ပိုချက်တီနိုကို ခန့်အပ်နိုင်ဖို့ အမြန်ဆုံးလုပ်ဆောင်နေပေမယ့် အာဂျင်တီးနားလူမျိုး နည်းပြဟာ နွေရာသီမှသာ အသင်းကို ကိုင်တွယ်မှာဖြစ်ပြီး လက်ရှိရာသီအကုန်ထိ လမ်းပတ်ကပဲ အသင်းကို ကိုင်တွယ်မယ်လို့ သိရပါတယ်။

ရလဒ်တွေဆိုးနေတဲ့ ချယ်လ်ဆီးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် အာဆင်နယ်အသင်း အိမ်ကွင်း မှာ သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။

Source:BBC