CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၂၀

ဆာအဲလက်စ် ဖာဂူဆန်ရဲ့ လက်ထောက်နည်းပြဟောင်း မူလန်စတင်းက ယူနိုက်တက်အသင်းဟာ ဆွန်ဟောင်မင် နဲ့ ဝီလီယံကို ခေါ်ယူဖို့ သူ့ရဲ့ အကြံပေးမှုကို လျစ်လျူရှုခဲ့တယ်လို့ ပြောခဲ့ပါတယ်။

မူလန်စတင်းက “ဆွန်ဟောင်မင်ဟာ ယူနိုက်တက် ဝယ်ယူလိုတဲ့ ကစားသမားပါ။ ဒါကို ကျနော် ပြောပြခဲ့ပါတယ်။ နောက်ထပ် အကြံပြုခဲ့တဲ့ ကစားသမားလည်း ရှိခဲ့ပါတယ်။ ကျနော် ယူနိုက်တက်က ထွက်သွားချိန်မှာ ဂူဟစ်ဒင့်နဲ့ ရုရှားကလပ် အန်ဇီကို သွားခဲ့ပါတယ်။ ဂူဟစ်ဒင့် ထွက်သွားချိန်မှာ ကျနော်ဒီအသင်းကို တာဝန်ယူခဲ့ပြီး ဒီအသင်းမှာ စိတ်ဝင်စားစရာ ကောင်းတဲ့ သူတွေအများကြီး ရှိပါတယ်။ အီတူး၊ ဒီယာရာ၊ ဆမ်ဘာနဲ့ ဝီလီယံတို့ ရှိတာပါ။ ဝီလီယံ ဟာ ရူးသွပ်တဲ့ ယူနိုက်တက် ပရိသတ်ဆိုတာကို ကျနော်သိပါတယ်။ သူက ယူနိုက်တက်အတွက် ကစားလို့ရအောင် ကူညီပေးမလားလို့တောင် ပြောခဲ့ပါတယ်။ ဒါပေမယ့် ဒါတွေက အကောင်အထည် မပေါ်ခဲ့ပါဘူး”လို့ ပြောခဲ့တာပါ။

အိုးထရက်ဖို့ဒ်မှာ ၁၂ နှစ်ကြာ အလုပ်လုပ်ကိုင်ခဲ့တဲ့ မူလန်စတင်းဟာ ၂၀၁၃ က ဖာဂူဆန် အနားယူပြီးနောက် သူ့ရဲ့ နေရာကို ဒေးဗစ်မိုယက်စ် ဆက်ခံပြီးနောက် သူဟာ ယူနိုက်တက်နဲ့ အဆက်အသွယ် ဖြတ်ခဲ့ပါတယ်။

မူလန်စတင်းဟာ အဲဒီအချိန်မှာ ရုရှားကလပ် အန်ဇီကို သွားရောက်ခဲ့တာဖြစ်ပြီး ဘရာဇီးလ် တောင်ပံကစားသမား ဝီလီယံနဲ့ အလုပ် အတူတူ တွဲလုပ်ခွင့် ရခဲ့တာပါ။

မူလန်စတင်းက ဆွန်ဟောင်မင်နဲ့ ဝီလီယံတို့ကို ခေါ်ယူဖို့ ယူနိုက်တက်ကို အကြံပြုခဲ့ပေမယ့် အသင်းက မခေါ်ခဲ့လို့ သူတို့နှစ်ဦးဟာ စပါးနဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။

ဆာအဲလက်စ် ဖာဂူဆန်နဲ့ လက်ထောက်နည်းပြဟောင်း မူလန်စတင်းကို တွေ့ရစဉ်

ယူနိုက်တက်အသင်းဟာ ဆွန်ဟောင်မင် စပါးအသင်းကို ပြောင်းရွှေ့လာခဲ့တဲ့ ၂၀၁၅ ကတည်းက ချိတ်ဆက်မှု မျိုးစုံရှိခဲ့ပြီး အခုအချိန်မှာ အသက် ၃၀ အရွယ်ရှိ တောင်ပံကစားသမားဟာ ပရီးမီးယားလိဂ် သွင်းဂိုး ၁၀၀ ကျော် အထိ သွင်းယူထားပြီး ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ဆွန်ဟောင်မင်ကို ခေါ်ယူနိုင်ဖို့ ဘယ်တော့မှ သဘောတူညီမှု မရခဲ့ပေမယ့် အခုအချိန်မှာ တော့ သူ့ရဲ့ အသင်းဖော် တိုက်စစ်မှူး ဟာရီကိန်းကို ခေါ်ယူနိုင်ဖို့ ပြင်းပြင်းထန်ထန် လုပ်ဆောင်နေတာ ဖြစ်ပါ တယ်။

ယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ တိုက်စစ်မှူး တစ်ဦးကို မဖြစ်မနေ ခေါ်ယူဖို့ လုပ်ဆောင်နေပြီး ဟာရီကိန်းက အဓိက ဦးစားပေး ပစ်မှတ်ဖြစ်ကာ၊ နာပိုလီတိုက်စစ်မှူး အိုဆင်ဟမ်ကိုလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါတယ်။

Source: Goal