CNI Sport News

၂၀၂၃ ခုနှစ်၊ မေလ ၁၉

လီဗာပူးလ်နည်းပြ ကလော့ပ်ဟာ စပါးအသင်းကို ၄ ဂိုး- ၃ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဧပြီလက ပွဲစဉ်မှာ ကွင်းလယ်ဒိုင် လူကြီး ပေါလ်တီယာနေးကို မှတ်ချက်ပေးခဲ့တာနဲ့ ပတ်သက်ပြီး ၂ ပွဲပယ် ပြစ်ဒဏ် ချမှတ်ခံလိုက်ရပါတယ်။

အဲဒါကြောင့် ဂျာမန်လူမျိုး နည်းပြဟာ စနေနေ့မှာ ကစားမယ့် အက်စတွန်ဗီလာအသင်းနဲ့ ပွဲစဉ်မှာ လီဗာပူးလ် အသင်းကို ကိုင်တွယ်လို့ ရမှာမဟုတ်ပါဘူး။

ဒုတိယပွဲပယ် ပြစ်ဒဏ်ကိုတော့ ၂၀၂၃-၂၄ ရာသီအထိ ဆိုင်းငံ့ ထားမှာဖြစ်လို့ ကလော့ပ်ဟာ ဒီရာသီ နောက်ဆုံးပွဲ ဖြစ်တဲ့ ဆောက်သမ်တန် အသင်းနဲ့ ပွဲစဉ်ကိုတော့ ကိုင်တွယ်လို့ ရမှာပါ။

ကလော့ပ်က စပါးအသင်းနဲ့ ပွဲစဉ်အပြီးမှာ ကွင်းလယ်ဒိုင်လူကြီးဟာ လီဗာပူးလ်အသင်းကို ဆန့်ကျင်တဲ့ အရာတွေ ရှိတယ်လို့ ပြောခဲ့ပါတယ်။

အခုဆိုရင် ကလော့ပ်ဟာ ပွဲပယ်အပြင် ဒဏ်ကြေးငွေ ပေါင် ၇၅,၀၀၀ ချမှတ်ခံခဲ့ရပြီး ဒီလို မှတ်ချက်ပေးခဲ့တဲ့ အတွက် နောင်တရတယ်လို့ ပြောခဲ့တာပါ။

ကလော့ပ် အဝါကတ်ပြသခံရစဉ်

ဂျာမန်လူမျိုးနည်းပြဟာ စပါးအသင်းနဲ့ ပွဲမှာ လီဗာပူးလ်အသင်း ပွဲချိန် ၉၄ မိနစ်မှာ အနိုင်ဂိုး သွင်းယူပြီးနောက် သွားရောက် အောင်ပွဲခံခဲ့တာကြောင့် ကွင်းလယ်ဒိုင်လူကြီးရဲ့ အဝါကတ်ပြသတာ ခံခဲ့ရပါတယ်။

စပါးအသင်းနဲ့ပွဲတုန်းက ကလော့ပ်ရဲ့ လုပ်ရပ်ဟာ နောက်ထပ် အငြင်းပွားမှုတွေလည်း ရှိခဲ့ပါတယ်။

ကလော့ပ်၊ မာကိုဆေးလ်ဗားနဲ့ ဒီဇာဘီတို့ အပါအဝင် ပရီးမီးယားလိဂ် နည်းပြ အများအပြားဟာ ဒီလို အပြုအမူတွေကြောင့် ထုတ်ပယ်ခံခဲ့ရပြီး ပွဲကြီးကြပ်ခွင့်တွေ ပိတ်ပင်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ အခုနောက်ပိုင်း ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၇ ပွဲဆက် နိုင်ပွဲရရှိခဲ့ပြီး အမှတ်ပေး ဇယား အဆင့် ၅ နေရာမှာ ရပ်တည်ကာ အဆင့် ၄ နေရာက ယူနိုက်တက်အသင်းထက် ၁ ပွဲပို ကစားထားပြီး ရမှတ် ၁ မှတ်လျော့နဲ့ ရပ်တည်နေပါတယ်။

လီဗာပူးလ်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းက ကစားခဲ့တဲ့ လက်စတာ အသင်းနဲ့ ပွဲစဉ်မှာ အနိုင်ရပြီးနောက် လာမယ့် နှစ်ရာသီ ယူရိုပါလိဂ် ဝင်ခွင့်ရဖို့ သေချာသွားခဲ့ပေမယ့် ချန်ပီယံလိဂ် ဝင်ခွင့်ရယူနိုင်ဖို့ ပစ်မှတ်ထားနေတာ ဖြစ်ပါ တယ်။

Source: BBC