CNI Sport News

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ ၂

စပါးအသင်းကို ၂ ဂိုး- ၁ ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ VAR ပြုလုပ်ခဲ့တဲ့ အမှားကြောင့် အားကစား ဂုဏ်သိက္ခာကို ကျဆင်းစေတယ်လို့ လီဗာပူးလ်အသင်းက ကြေညာချက် ထုတ်ပြန်ပြီး ပြောလိုက်ပါတယ်။

စပါးအသင်းကို အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ လီဗာပူးလ်အသင်း တောင်ပံကစားသမား ဒီယက်ဇ်ရဲ့ သွင်းဂိုးကို လူကျွံဘောအဖြစ် သတ်မှတ်ခဲ့တာမှာ VAR ရဲ့ ဆုံးဖြတ်ချက် မှားယွင်းခဲ့တယ်လို့ အင်္ဂလန်ပရော်ဖက်ရှင်နယ် ဒိုင်လူကြီးများအဖွဲ့ချုပ်(PGMOL)က ပွဲအပြီးမှာ ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။

အဲ့ဒါကြောင့် PGMOL က စပါးနဲ့ လီဗာပူးလ်အသင်း ပွဲစဉ်ကို တာဝန်ယူခဲ့တဲ့ VAR တာဝန်ရှိသူတွေကို ဒီတစ်ပတ် ပွဲစဉ်တွေမှာ တာဝန်ပေးခြင်းကနေ အနားပေးခဲ့တာ ဖြစ်ပါတယ်။ 

PGMOL က ဂိုးမပေးခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ သိသာထင်ရှားတဲ့ လူသား အမှားဖြစ်တယ်လို့ ပြောခဲ့ပေမယ့် လီဗာပူးလ် အသင်းကတော့ ဒီရှင်းလင်းချက်ဟာ လက်ခံနိုင်စရာမရှိဘဲ ပွင့်လင်းမြင်သာမှု အပြည့်နဲ့ သုံးသပ်ပေးဖို့ တောင်းဆိုထားပါတယ်။ 

လီဗာပူးလ်နဲ့ စပါး အသင်းယှဉ်ပြိုင်နေစဉ်

လီဗာပူးလ်အသင်းနည်းပြ ကလော့ပ်က PGMOL ရဲ့ ထုတ်ပြန်ချက်ကြောင့် သူတို့ အမှတ်ရမှာ မဟုတ်တဲ့အတွက် ဒါဟာ အကူအညီ မဖြစ်ဘူးလို့ စပါးအသင်းနဲ့ ပွဲအပြီးမှာ ပြောခဲ့တာပါ။

အခုအချိန်မှာတော့ လီဗာပူးလ်အသင်းကလည်း ဒီဆုံးဖြတ်ချက်တွေနဲ့ ပတ်သက်ပြီး တရားဝင် ကြေညာချက် ထုတ်ပြန်လာခဲ့ပါတယ်။

လီဗာပူးလ်အသင်းက “PGMOL က သူတို့ရဲ့ ကျရှုံးမှုတွေကို ဝန်ခံခဲ့တဲ့အပေါ် လီဗာပူးလ်အသင်းက အသိအမှတ်ပြု ပါတယ်။ ပွဲရဲ့ နိယာမတွေကို မှန်ကန်စွာ အသုံးမချနိုင်ခဲ့တဲ့အတွက် အားကစားဂုဏ်သိက္ခာကို ကျဆင်းစေတယ်ဆို တာ ရှင်းပါတယ်။ သိသာထင်ရှားတဲ့ လူသားအမှားလို့ ပြောခဲ့တာကို လက်ခံနိုင်စရာမရှိပါဘူး။ အဲ့ဒါကြောင့် အားလုံးကို သေချာသုံးသပ်ပြီး ပွင့်လင်းမြင်သာမှု အပြည့်နဲ့ ပြန်လည်ချမှတ်သင့်ပါတယ်”လို့ ပြောခဲ့ပါတယ်။

လီဗာပူးလ်အသင်းဟာ စပါးအသင်းနဲ့ ပွဲမှာ အရေးနိမ့်ခဲ့တာကြောင့် အခုနှစ် ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ မှာ ပထမဆုံးရှုံးပွဲ ကြုံတွေ့ခဲ့တာဖြစ်ပြီး အမှတ်ပေးဇယား အဆင့် ၄ နေရာမှာ ရမှတ် ၁၆ မှတ်နဲ့ ရပ်တည်နေတာ ပါ။ 

လီဗာပူးလ်အသင်းဟာ ဒီတစ်ပတ် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

Source: BBC